စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာဝန်ဆောင်မှု လုပ်ငန်းများကို ICT နည်းပညာဖြင့် ထိရောက်စွာ အသုံးချ ဆောင်ရွက်သွားမည်
နေပြည်တော် ဩဂုတ် ၈
ICT နှင့် e-government လုပ်ငန်းများ တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး ဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးနှင့် ICT ကျွမ်းကျင်သူ အရာထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်က ICT နှင့် e-government လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ငင်းဆောင်ရွက်၍ရသော တောင်သူ ပညာပေးကဏ္ဍများအတွက် ချက်ချင်း အကောင်အထည်ဖော်ရန်နှင့် သတင်း အချက်အလက်များ မှန်ကန်ရေး၊ အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်ရှိပြီး ပညာပေး စာအုပ်စာစောင်စာတမ်းများမှ remake (အသစ်) ပြုလုပ်၍ e-book အဖြစ် website တွင် လွှင့်တင်၍ ကြည့်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
တောင်သူလယ်သမားများနှင့် စိုက်ပျိုး ရေးလုပ်ငန်း ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံး အကျိုးစီးပွား တိုးတက်အောင်မြင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို ICT နည်းပညာဖြင့် ထိရောက်စွာ အသုံးချဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
စိုက်ပျိုးရေးနည်းပညာများ၊ စျေးကွက် သတင်းများ၊ ရာသီဥတုနှင့် သဘာဝဘေး ဆိုင်ရာများ သတင်းအချက်အလက်နှင့် နှိုးဆော်ချက်များကို မိုဘိုင်းဖုန်းအသုံးပြု လူမှုကွန်ရက်မီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးခြင်း၊ ဝက်ဆိုက် စာမျက်နှာများတွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သိရှိလိုသည်များ မေးမြန်းနိုင်ရန် doa.agrichatbot application ရေးဆွဲ ဖြန့်ဝေပေးရန် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် social media များတွင် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများ လွှင့်တင်ထားသကဲ့သို့ website တွင်လည်း စိုက်ပျိုးရေး ပညာပေး ကဏ္ဍများ၊ သတင်းများ၊ e-book များ လွှင့်တင်ထားပြီး ဆက်လက်၍ agrichatbot application ကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။