ရန်ကုန်မြို့နေပြည်သူများအတွက် သန့်စင်ပိုးသတ်ထားသည့် သောက်သုံးရေ တစ်နေ့လျှင် ရေဂါလန် သန်းပေါင်း ၂၃၇ သန်း ပေးဝေလျက်ရှိ

 

ရန်ကုန်မြို့နေပြည်သူများအတွက် သန့်စင်ပိုးသတ်ထားသည့် သောက်သုံးရေ တစ်နေ့လျှင် ရေဂါလန် သန်းပေါင်း ၂၃၇ သန်း ပေးဝေလျက်ရှိ

 

ရန်ကုန်  ဩဂုတ်  ၉

    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည်  ရန်ကုန်မြို့နေပြည်သူများအတွက်   ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်စင်ပိုးသတ်ထားသည့် သောက်သုံးရေ တစ်နေ့လျှင် ရေဂါလန်သန်းပေါင်း ၂၃၇ သန်း ပေးဝေလျက်ရှိကြောင်း သိရသည်။

လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ်နှင့် လဂွန်းပြင် စသည့်ရေလှောင်ကန်ငါးခုမှ ရေများအား ရေသန့်စင်စက်ရုံနှစ်ရုံမှသန့်စင် ပြီး    သောက်သုံးရေသန့်များကို ရန်ကုန် မြို့နေ ပြည်သူများ အဆင်ပြေစေရန်   ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ နေ့စဉ်ပေးဝေလျက်ရှိသည်။

“ကျွန်မတို့ရဲ့   အဓိကရည်မှန်းချက် တာဝန်ဖြစ်တဲ့ ရန်ကုန်မြို့နေပြည်သူတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်ရှင်းသော သောက်သုံးရေကို   လုံလောက်စွာ ဖြန့်ဝေပေးရေးဆိုတဲ့   ရည်မှန်းချက်ရှိပါတယ်။ အဲ့ဒီရည်မှန်းချက်အတိုင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်တဲ့ ရေလှောင်ကန်ကြီး သုံးခုရှိပါတယ်။ ဆည်မြောင်းဦးစီးဌာနပိုင်တဲ့  ရေလှောင်ကန်နှစ်ခုရှိပါတယ်။  ရေသန့်စင်စက်ရုံကနှစ်ခုရှိပါတယ်။ စုစုပေါင်းရေလှောင်ကန်ငါးခု၊ ရေသန့်စင်စက်ရုံနှစ်ခုက နေပြီးတော့ သန့်စင်ပြီးသား ပိုးသတ်ပြီးသား သောက်သုံးရေတွေကို  တစ်နေ့ကိုရေဂါလန် သန်းပေါင်း၂၃၇ သန်း   ဖြန့်ဝေပေးလျက်ရှိပါတယ်”ဟု ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ    အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့နေ   ပြည်သူများအတွက် ဖြန့်ဝေပေးသည့် သောက်သုံးရေများအား ရေသန့်စင်စက်ရုံများ၊ ရေတွန်းစက်ရုံနှင့် ရေလှောင်ကန်ကြီးများတွင် ကလိုရင်းဆေးခတ်ပြီးမှ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊

ကလိုရင်းဆေးခတ်ရာတွင်လည်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများအတိုင်း ခတ်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကဖြန့်ဝေသည့် သောက်သုံးရေများသည် အဆင့်ဆင့်သန့်စင်ပြီးမှ ဖြန့်ဝေခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိတ်ချစွာ သုံးစွဲနိုင်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီကဖြန့်ဝေသည့် သောက်သုံးရေ များသည်     ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသောရေဖြစ်သော်လည်း သုံးစွဲသူများ၏ နေအိမ်ရှိ ရေကန်၊ ရေတိုင်ကီ၊ ရေပုံးများလည်း    သန့်ရှင်းရန် လိုအပ်ကြောင်း၊  ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းမရှိပါက ပိုးမွှားများပေါက်ဖွားနိုင်ခြင်းကြောင့် ကျန်းမာရေးအသိဖြင့် သုံးစွဲကြရန် လိုအပ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ  အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။