အကြိမ် (၃၀) မြောက် ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ် သိန်း ၁၀၀ နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ် စုစုပေါင်း ၃၀၀၀ ပေးအပ်လှူဒါန်း
ရန်ကုန် ဩဂုတ် ၂၄
အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက ပခုက္ကူစာပေဆု ရန်ပုံငွေသို့ ငွေကျပ် သိန်း ၁၀၀၊ မြန်မာနိုင်ငံစာကြည့်တိုက်များနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ် စုစုပေါင်း ၃၀၀၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းနာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် ကော်မတီဝင်များ၊ စာရေးဆရာ၊ ဆရာမကြီးများ၊ စာပေဆုရပုဂ္ဂိုလ်များ၊ ပညာရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ “စာပေကဏ္ဍအတွက် တန်ဖိုးဖြတ်မရနိုင်သော ပခုက္ကူစာပေဆု Video Clip နှင့် ပါရီအိုလံပစ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ” Video Clip တို့ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယနေ့ ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတို ပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု စုစုပေါင်း ၁၆ ဆုကို ချီးမြှင့် နိုင်ခဲ့သည့်အတွက် ဆုရရှိသူ စာရေးဆရာ၊ ဆရာမကြီးများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကိုလည်း မကြာခဏ လှူဒါန်းပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း လူထုသိပ္ပံကျမ်း အတွဲ(၆) နှင့် အတွဲ(၇) တစ်မျိုးလျှင် အုပ် ၁၅၀၀ စီဖြင့် စုစုပေါင်း အုပ် ၃၀၀၀ ကို ထပ်မံလှူဒါန်းကြောင်း၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍ အရေးကြီးပုံနှင့် စာကြည့်တိုက် ယဉ်ကျေးမှု
ထွန်းကားရေးကို လုပ်ဆောင်ကြရန် လိုအပ်ပုံကို တိုက်တွန်းလေ့ရှိသကဲ့သို့ စာတတ်သူတိုင်း စာဖတ်ကြရေး၊ စာတတ်ရုံ၊ အတတ်ပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့်၊ ဗလငါးတန်ပြည့်ဝသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် တာဝန်ရှိသူများအပြင် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပုံကို အလေးထား မှာကြားလေ့ရှိကြောင်း၊ ထို့ပြင် ကျောင်းစာကြည့်တိုက်နှင့် ရပ်ကွက်စာကြည့်တိုက်များ တိုးပွားရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် စာပေ၏ အရေးကြီးသော အခန်းကဏ္ဍကို အလေးထားရန် မိမိတို့ကို မှာကြားလေ့ရှိကြောင်း။
စာပေ၏အစွမ်းသတ္တိသည် အမှောင်ခွင်းပြီး အလင်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူဦးအုန်းဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ ငွေကျပ် သိန်း ၁၀၀ ကို ထည့်ဝင် လှူဒါန်းကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော စာပေပညာရှင်ကြီး များကလည်း စာပေဗိမာန်က ဆောင်ရွက်လျက်ရှိသည့် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီ အားဖြည့်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ လှူဒါန်းငွေကျပ် သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) က လည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များသို့ လှူဒါန်းသည့် လူထုသိပ္ပံကျမ်းအတွဲ (၆) နှင့် အတွဲ(၇) တစ်မျိုးလျှင် အုပ် ၁၀၀၀ စီ စုစုပေါင်း အုပ် ၂၀၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ (မောင်ဆွေသက်)က လည်းကောင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်း အတွဲ(၆)နှင့် (၇)တစ်မျိုးလျှင် အုပ် ၅၀၀ စီ စုစုပေါင်းအုပ် ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးထွန်းထွန်းဦးက လည်းကောင်း လက်ခံရယူကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ ငွေကျပ် ၇၅ သိန်းကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က လက်ခံရယူပြီး စာပေဆုရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူစာပေတစ်သက်တာဆုများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်ရာ ဆရာကြီးဦးခင်အောင် (ရွှေဘိုဘာမထီခင်အောင်) ကိုယ်စား သမီးဖြစ်သူ ဒေါ်သရဖီစိမ်းအောင်နှင့် ဆရာကြီး ဦးတင့်လွင် (တက်လူ)ကိုယ်စား သားဖြစ်သူ ဦးစည်သူလွင်တို့က လက်ခံရယူကြသည်။
ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့်ဦးညွန့်တင်(မောင်ငြိမ်းသူ ကြို့ပင်ကောက်)တို့က ပခုက္ကူစာပေဆု ဝတ္ထုရှည် ဒုတိယဆုရ မေတ္တာထွေးနွေးပါသည် ဝတ္ထုရေးသားသူ ဆရာညိမ်းညို၊ ဝတ္ထုရှည် တတိယဆုရ စိတ်ဝတ္ထုရေးသားသူ ဆရာနေစိုးသော်၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ မုသားချိုချိုနှင့် အခြားဝတ္ထုတိုများကို ရေးသားသူ ဆရာအမေ့သား(နတ်မောက်)၊ ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများကို ရေးသားသူ ဆရာကိုနီသွေး( မန်းမြို့)၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုပေါင်းချုပ်ကို ရေးသားသူ ဆရာထွန်းလှိုင်(မြိုင်)၊ ကျမ်းစာပေ ပထမဆုရ ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့်စာပေကိုရေးသားသူ ဆရာကိုတိုး(ရန်ကင်း)၊ ကျမ်းစာပေ ဒုတိယဆုရ ရတနာပုံအိမ်ရှေ့စံကိုရေးသားသူ ဆရာဦးဝင်းမြင့်မောင်(လင်းအရုဏ်ဦး)၊ ကျမ်းစာပေ တတိယဆုရ ရုပ်ရှင်နှင့်နိုင်ငံရေး၊ အမျိုးသားရေး အခန်းကဏ္ဍကို ရေးသားသူ ဆရာသက်ဦးမောင်၊ သုတေသနစာပေ ပထမဆုရ သရေခေတ္တရာ ပျူတို့၏ ရွှေထည်၊ ငွေထည် ယဉ်ကျေးမှုအနုလက်ရာများကို ရေးသားသူ ဆရာမာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)၊ ကဗျာပေါင်းချုပ် ပထမဆုရ ရောင်နီသန်းချိန် ပန်းပွင့်ချိန်ကို ရေးသားသူ ဆရာကောင်းနွဲ့၊ ကဗျာပေါင်းချုပ် ဒုတိယဆုရ မွှေးမြဂုဏ်ရည် စာပန်းသီကဗျာများကို ရေးသားသူ ဆရာရွှေမင်းသား(စစ်ကိုင်း)၊ ကဗျာပေါင်းချုပ်တတိယဆုရ ဘဝတေးသံကဗျာများ ရေးသားသူ ဆရာတော် ကနောင် နိုင်နွယ်ဦး၊ သုတေသနစာပေ ဒုတိယဆုရ ဆိုကရေးတီးရိုးရာခရီးကို ရေးသားသူ ဆရာကိုဇော်ဌေး (ယဉ်ကျေးမှု)နှင့် သုတေသနစာပေ တတိယဆုရ လပြည့်နေ့ဖွား မြန်မာလူကျော်များကို ရေးသားသူ ဆရာလက်ယာ(မေတ္တာတံခွန်)တို့က ဆုများလက်ခံရယူကြသည်။
ထို့နောက် အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ရရှိသူများနှင့် ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆု ရရှိသူများကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးတို့က ဆုများပေးအပ်ချီးမြှင့်ရာ ကျွန်တော်သိသော ကျွန်တော့်ရွာ စာအုပ်ရေးသားသူ ဆရာခင်မောင်ဝင်း(အညာမြေ)၊ သရဒွေးလင်္ကာ အဖွင့်ကျမ်း စာအုပ်ရေးသားသူ ဆရာသဲ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပညာသင်ဆုရရှိသူ မသန့်ဖြူဖြူထွန်း(ဒုတိယနှစ်၊ ပန်းချီပညာဌာန)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပညာသင်ဆုရရှိသူ မောင်မင်းသုဟန်ကျော်(ဒုတိယနှစ်၊ ပန်းချီပညာဌာန)တို့က ဆုများလက်ခံရယူကြသည်။
ယင်းနောက် စာပေအလှူရှင် ပခုက္ကူဦးအုံးဖေကိုယ်စား ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးက ရှင်းလင်းပြောကြားပြီး ဆုရရှိသူများကိုယ်စား ပခုက္ကူစာပေဆု သုတေသနစာပေ ပထမဆုရ ဆရာမာန်သစ်ငြိမ်းက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားတွင် ပြသထားသည့် ဆုရရှိသူများ၏ ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။