မြို့သန့်ရှင်းသပ်ရပ်သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များ ဖြစ်ကြသောဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်းဘေးဝဲ၊ ယာတွင် မြက်ချုံနှင့် သစ်ကိုင်းများ ရှင်းလင်းခြင်းနှင့် အမှိုက်များသိမ်းဆည်းစွန့်ပစ်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ရာဇသင်္ဂဟလမ်းနှင့် သီရိမဏ္ဍိုင်လမ်းဆုံမီးပွိုင့်အနီး သီရိမဏ္ဍိုင်လမ်းဘေးရှိ တောင်ကမ်းပါးယံမှ မြေကြီးများ မိုးရေနှင့်အတူမျောပါလာခြင်းကြောင့် ပိတ်ဆို့နေသော ရေမြောင်း များကို စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ရေဆင်းမြောင်းများဖောက်လုပ်ထားရှိရန် မှာကြားခဲ့သည်။
ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့ မှော်ဘီလမ်းနှင့် ရေတာရှည်လမ်းဆုံရှိ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် ဆယ်ယူရှင်းလင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(၅၀၀)