လူငယ်တို့အနာဂတ်လှပသာယာရေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်)
နိုင်ငံ၏ အဓိကအင်အားဖြစ်သော လူငယ်မောင်မယ်များသည် အနာဂတ်တွင်နိုင်ငံတော်တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ကြရမည့်သူများဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအသီးသီးတွင် မိမိတို့သင့်လျော်ရာ တာဝန်များကို မလွဲမသွေ ထမ်းဆောင်ကြရမည့် သူများ ဖြစ်သည့်အတွက် လူငယ်မောင်မယ်များအနေဖြင့် အတန်းပညာ၊ အသိပညာ၊ အတတ်ပညာ စသည့်ပညာ ရပ်မျိုးစုံကိုကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားကြရမည် ဖြစ်သည်။ ထိုသို့တတ်မြောက် နေစေရန် အတွက် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။ ပညာကိုရှာဖွေရာ တွင် စာပေဖတ်ရှု မှတ်သားခြင်းကို ကောင်းစွာ လုပ်ဆောင်ရမည်ဖြစ်သည်။
မိမိတို့ဘဝကို မြင့်သည်ထက်မြင့်အောင် ရည်မှန်းထားသော လူငယ်မောင်မယ်များအနေဖြင့် စာပေနှင့် ဝေးကွာ၍ မရနိုင်ပေ။ စာပေဟုဆိုရာတွင် သုတစာပေတို့သည် မြင့်မားသော အတွေးအခေါ်နှင့်အတတ် ပညာဗဟုသုတကို လေ့လာသင်ယူနိုင်သော နယ်ပယ်ဖြစ်သည်။ ရသစာပေတို့သည် ယဉ်ကျေးမှုနှင့်လူမှု ဆက်ဆံရေးနယ်ပယ်တွင် အဓိကကျသော စိတ်ဓာတ်အခြေခံကောင်းများဖြစ်ပေါ် စေသည်။ နိုင်ငံတော် နှင့် အမျိုးဘာသာသာသနာ၊ ရိုးရာယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုးသောလူငယ်များ၊ ဗလငါးတန်နှင့် ပြည့်စုံသော ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်အောင် နိုင်ငံတော်အစိုးရက ဦးဆောင်လမ်းပြနေချိန် တွင် လူငယ်မောင်မယ်များအနေဖြင့် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ကြရမည် ဖြစ်သည်။
ယနေ့ကျောင်းသား၊ ကျောင်းသူလူငယ်များသည် အနာဂတ်နိုင်ငံတော်၏ နိုင်ငံအကျိုး ဆောင်ရွက် ကြရမည့်သူများ ဖြစ်သည်။ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်နှင့် မိမိဒေသအကျိုး၊ နိုင်ငံတော် အကျိုး ဆောင်ရွက်ကြရမည့်သူများဖြစ်ကြ၍ အတတ်ပညာ၊ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန် ပြည့်ဝ၍ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ၊ လူရည်ချွန် လူရည်မွန်များဖြစ်ရန် ကြိုးစား ကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာပြည့်ဝပြီး လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံကောင်းမွန် မှသာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်က အားကိုးအားထားပြုနိုင်မည့် သား ကောင်းရတနာဖြစ်အောင် ငယ်ရွယ်စဉ် ကျောင်းသားဘဝကတည်းက ကြိုးစားတည်ဆောက်ကြရမည် ဖြစ်သည်။
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတ လေ့လာလိုက်စားနိုင်ရေးအတွက် နိုင်ငံတော်က ဘက်စုံပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေတွင် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ကျောင်းများအားလုံးကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တစ်ပြိုင်တည်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။ အခြေခံပညာအဆင့်တွင် အခြေခံပညာ အလယ်တန်းပြီး မြောက်သည်နှင့် ရွေးချယ်သင်ယူနိုင်သည့် နည်းလမ်း(၄)သွယ်ကိုလည်း အကောင်အထည်ဖော် ပေးထား ပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးတို့ကို ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများစာပေဘာသာရပ် တတ်မြောက်ကျွမ်းကျင်ရုံသာမဟုတ်ဘဲ အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝသည့် ဘက်စုံပြည့်ဝထူးချွန်သည့် လူငယ်များဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။ နေရာဒေသ အချို့တွင် ကြုံတွေ့နေရသည့် မတည်ငြိမ်မှုများ၊ ဆူပူအကြမ်းဖက်မှုများ၊ ဖျက်ဆီးနှောင့်ယှက်မှုများသည် အသိပညာ စဉ်းစားဆင်ခြင်မှုအားနည်းသူများ၏ အကျိုးဆက်ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးအသိပညာပြည့်ဝကြမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ စာပေလေ့လာဖတ်ရှုရုံသာမက ဘဝ တစ်လျှောက်လုံး လေ့လာဆည်းပူးသင်ယူသည့် လူ့အဖွဲ့အစည်းအဖြစ် တည်ဆောက်နိုင်မှသာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်သည့်အတွက် ယနေ့လူငယ်ကျောင်းသား၊ ကျောင်းသူများ သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
နိုင်ငံတော်အကြီးအကဲက လူငယ်များအပါအဝင် ပြည်သူများ လက်လှမ်းမီစွာ စာပေလေ့လာဖတ်ရှု နိုင်ရေး စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်သူများစာပေဖတ်ရှု ရေးတိုက်တွန်း အားပေးလျက်ရှိသည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်လျက် ရှိသည်။ အတန်းပညာအပြင် အသိပညာများ ရရှိစေရေးအတွက် ကျောင်းစာကြည့်တိုက်များက အထောက် အကူပြုမည်ဖြစ်သည်။ ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းမှာ မှန်ကန်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက် ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက် တွေးခေါ်မြော် မြင်နိုင်မှုရှိအောင် ကြိုးစားကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်ဆိုသည်မှာ ဉာဏ်ရည် ထက်မြက်သည့် အရွယ်ဖြစ်သည့်အတွက် ပညာရှာဖွေမှုတွင် ဝီရိယစိုက်ထုတ် စုဆောင်းခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။