ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေ ပေးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့ ငွေတောင်တောရကျောင်းတိုက်၌ ဖွင့်လှစ် ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ရောက်ရှိနေသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှု သဘာဝ ဘေးကာလအလွန်တွင် အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်း ရှစ်ခုရှိ လူဦးရေ ၇၈၃၇ ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၇ ဒသမ ၆၅၅ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ကြွပ်၊ ပေါင်မုန့်၊ ဘီစကွတ်မုန့်များ၊ လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် Hygienic Kits၊ အဖုံးပါပလတ်စတစ်ရေပုံး၊ တာပေါ်လင်စနှင့် ကြိုးခွေများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများမှ ချုပ်လုပ်သည့် အဝတ်အထည် အစုံ ၃၀၀ နှင့် ဖိနပ် ၇၃၃ စုံ တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျား ရေသန့်စင် ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် တပ်ကုန်း မြို့နယ် မကျီးပင်ကျေးရွာသို့ သွားရောက်ကာ လူနေအိမ်ပျက်စီးမှုများ၊ ကျွဲ၊ နွားတိရစ္ဆာန်များ သေဆုံးမှုအခြေအနေ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော ချောင်းခွကျေးရွာအဝင် နဝင်းချောင်းတံတား(ချောင်းခွ)နှင့်ချဉ်းကပ်လမ်းများရေတိုက်စားပျက်စီးမှုနှင့် ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတော- ညောင်ပင်သာ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားပျက်စီးနေမှု၊ ရေအေး-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်ရေကျော် ရေတိုက်စားပျက်စီးမှုနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်- ဇီးကုန်း-လေသာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေချောင်းကူး တံတားချဉ်းကပ်လမ်းများ ရေတိုက်စားပျက်စီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှု မရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမြန်ဆုံးဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ရောက်ရှိနေသည့် ဇီးဖြူပင်၊ သစ်ဆိမ့်ပင်၊ နှမ်းတော၊ ပေါစံခေါ့ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြား၍ အဆိုပါကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၆၆ ဒသမ ၄၅ သိန်းတန်ဖိုးရှိ ဆန်အိတ် ၆၀၊ ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးမှု၊ ပေါစံခေါ့ကျေးရွာ၌ တပ်မတော်နှင့် လူမှုကူညီရေးအသင်းများက ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု အားပေးကာ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသည့် ရေဘေးသင့် ပြည်သူများအတွက် ဆန်အိတ် ၆၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ လယ်ဝေးမြို့နယ် ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီ ရေဘေး ရှောင်စခန်း တွင်ရောက်ရှိနေသည့် သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာတို့မှ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေး စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ပျံချီကျေးရွာ ဘုန်းတော် ကြီးကျောင်း ယာယီရေဘေးရှောင်စခန်းရှိ သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာ ရေဘေးသင့် ပြည်သူများ အတွက် ငွေကျပ် ၈၄ ဒသမ ၁၃ သိန်းတန်ဖိုးရှိ ဆန်၊ ဆီ အပါအဝင် စားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လယ်ဝေးမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူအားလုံး အတွက် ဆန်အိတ် ၄၇ အိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(၅၀၀)