သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

နေပြည်တော်    စက်တင်ဘာ     ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ စာပေသင်ကြားရေး၊ ဝန်ထမ်း သက်သာချောင်ချိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး ဆရာ၊ ဆရာမများ၏တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက် ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယန္တရားအခြေစိုက်ရုံး(အောက်မြန်မာပြည်)၌ ဝန်ကြီးဌာနအောက်ရှိ  ဦးစီးဌာနလေးခုမှ   ဝန်ထမ်းများနှင့် တွေ့ဆုံကာ သမဝါယမဦးစီးဌာနနှင့် အသင်းစုချုပ်များအနေဖြင့် နွေစပါးစိုက်ပျိုးရာသီတွင် သမဝါယမ အသင်းများက စိုက်ပျိုးထားသော စိုက်ဧကအားလုံးအတွက်မျိုးနှင့် သွင်းအားစုဓာတ်မြေဩဇာ၊ သဘာဝ မြေဩဇာများ အချိန်မီကူညီပံ့ပိုး ပေးရေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ အောက်မြန်မာပြည် လုပ်ငန်းသုံး ယာဉ်၊ ယန္တရားများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ     သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း ငါးကျောင်းတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ် သင်ကြားပေးမည်ဖြစ်၍ သင်ကြားမှု နည်းစနစ်များ နှင့် လိုအပ်သည်များ မေးမြန်း ဆွေးနွေးသည်။

ယင်းနောက် အဆိုပါဒီဂရီကောလိပ်၌ တက်ရောက်ပညာသင်ယူနေသော ဝန်ထမ်း သားသမီးများ၊ လေးမျက်နှာမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ၊ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းသင့်ကာလတွင် သွားရောက်ကူညီလုပ်ကိုင်ရင်း ကွယ်လွန်ခဲ့သည့် မြန်မာ့သစ်လုပ်ငန်းမှ လွှဝိုင်းဆရာ ဦးဇော်လတ်၏ သမီး ပထမနှစ်ကျောင်းသူ မချိုသဲဦးတို့နှင့်တွေ့ဆုံ၍ ရည်မှန်းချက် အောင်မြင်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Dates: 
Saturday, September 14, 2024 - 11:25