ဥရောပ၌ ရေကြီးမှုများကြောင့် နောက်ထပ် ပျက်စီးမှုများရှိနိုင်
ဥရောပဒေသ၌ မုန်တိုင်းဘောရစ်တိုက် ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုမှာ လျော့ကျသွားပြီဖြစ်သော်လည်း ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဆဲ ဖြစ်သည့်အတွက် နောက်ထပ်ပျက်စီးမှုများ ရှိလာနိုင်ကြောင်း သိရသည်။
ဩစတြီးယားနိုင်ငံတွင်မူ နှင်းထုများ အရည်ပျော်ခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွား နိုင်သည်ဟုတာဝန်ရှိသူများက သတိပေးထားသည်။ အလားတူ ဟန်ဂေရီနှင့်ဆလို ဗက်ကီးယားနိုင်ငံတို့၌ အနီရောင်အဆင့် ရေကြီးမှုသတိပေးချက်များ ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်သည်။
ထို့အတူ ဩစတြီးယား၊ ချက်နှင့်ရိုမေး နီးယားနိုင်ငံတို့တွင် ရေကြီးမှုသတိပေး ချက်များ ထုတ်ပြန်ထားသည့်အပြင် ပြည်သူထောင်ပေါင်းများစွာကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားသည်။
အဆိုပါဒေသများ၌ ယခုသဘာဝဘေး ဖြစ်စဉ်များအတွင်း လူ ၁၈ ဦးသေဆုံးထားသည်။ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့ရှိ ဒန်နျူးမြစ်၏ မြစ်ကမ်းပါးများမှာ ပြိုကျလုနီးပါးဖြစ်နေသည့်အတွက် တာဝန်သိပြည်သူများက တပ်မတော်သားများနှင့် အတူလက်တွဲကာ သဲအိတ်ဖို့ခြင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသည်။
ယခုနှစ်နွေရာသီတွင် မြေထဲပင်လယ်ကို အပူလှိုင်းဖြတ်သန်းမှုကြောင့် ပင်လယ် ရေမျက်နှာပြင်အပူချိန်မှာ စံချိန်တင်သည် အထိမြင့်တက်လာသည်။ ထိုသို့အပူချိန် မြင့်တက်မှုက ဥရောပဒေသ တစ်ဝန်းတွင် မုန်တိုင်းများကို ပိုမိုအားကောင်းစေရန် ကူညီပေးနေခြင်းဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ဖြစ်ပေါ်နေခြင်းသည် ရာသီဥတုပြောင်းလဲမှုက အလွန်ဆိုးဝါးသော မိုးလေဝသဖြစ်စဉ်များ ပိုမိုမြင့်မားစွာဖြစ်ပေါ်လာနေခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။