နိုင်ငံတော်အတွက်အားထားရသည့် တိုင်းဒေသကြီးဖြစ်လာရေး

နိုင်ငံတော်အတွက်အားထားရသည့် တိုင်းဒေသကြီးဖြစ်လာရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၄ ခုနှစ်၊ မေ ၂၉ ရက်)

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေး မောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက် ကြရသည်။ အဆိုပါ မောင်းနှင်အားများ အနက် စီးပွားရေး မောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာ လျှင်နိုင်ငံရေးနှင့် ကာကွယ်ရေး မောင်းနှင်အားများလည်း ကောင်းလာနိုင်မည် ဖြစ်သည်။ မကွေးတိုင်း ဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ရှိနေသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့်ဂါတို့ကို အဓိကထား စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ်စွမ်းအားနှင့် သီးညှပ်စွမ်းအားဟူ၍ရှိပေရာ သီးထပ်စွမ်းအားသည် စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးတက်စေသည်။ စပါးစိုက်ပျိုးသည့် လယ်မြေများ၌ သီးထပ်စွမ်းအားများကို မြှင့်တင်နိုင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပြီး အထွက်နှုန်း တိုးတက်စေရေးအတွက် စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် အခြေခံအားဖြင့် မျိုး၊ မြေ၊ ရေနှင့်နည်းစနစ် များလိုအပ်သည်။ မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကောင်းရန်နှင့်သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ ပြည့်ဝစွာ ထည့်သွင်းကြရမည်။ ထို့ပြင် စိုက်ပျိုးရေ၊ အောင်ရေကောင်းစွာ ရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုသည်။

စိုက်ပျိုးမြေများတွင် ရေရရှိရေးအတွက် ဧရာဝတီမြစ်ကို အသုံးပြုလျက် မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက် ရမည်ဖြစ်သည်။ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းများကို ဒေသအလိုက်ဆောင်ရွက် နိုင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်မည် ဆိုပါက မကွေး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ဧရာဝတီမြစ်ဘေးနေရာများ၌ရှိရာ ဧရာဝတီမြစ်ရေ ကို အခြေခံသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ စိုက်ပျိုးသီးနှံ အထွက်နှုန်းနှင့် ပတ်သက်၍လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေးကို ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ဒေသစီးပွား၊ နိုင်ငံ့စီးပွား ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင် မည်ဆိုပါက ဆီထွက်သီးနှံမှ ဝင်ငွေများစွာ ရရှိလာမည် ဖြစ်သည်။ ဝါသီးနှံစိုက်ပျိုးမှုကိုလည်း အားပေး လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဝါထွက်ကုန်ကိုအခြေခံသည့် စက်မှုလုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ စိုက်ပျိုးသီးနှံကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံများစိုက်ပျိုးမှုကို Crop Pattern ဖြင့်ဆောင်ရွက်နိုင်သဖြင့် တွက်ချက်ဆောင်ရွက်ကြရမည်ဖြစ်သည်။

မွေးမြူရေးနှင့် ပတ်သက်၍ ဒေသတွင်းဖြစ်ထွန်းသည့် ဆိတ်မွေးမြူရေးကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ တိုင်းဒေသကြီးအတွင်း မွေးမြူသည့် ထိန်စန်းဆိတ်မျိုးသည် အသားထွက်နှုန်း ကောင်းမွန် သည်။ ဥစားကြက်၊ အသားစားကြက်၊ ဝက်၊ နွားမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက် ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုး တက်အောင်ဆောင် ရွက်နိုင်မည်ဆိုပါက ဒေသနှင့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ဖြစ်စေနိုင်ပေမည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင် မြင်အောင် ဆောင်ရွက်ရာတွင် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကိုလည်း အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာသင်ကြား ရေးအတွက်လည်း အားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နေပြည်သူများ၏ ဘဝ တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိ သည်။ ထိုကဲ့သို့ဆောင်ရွက် ပေးလျက်ရှိခြင်းသည် ဒေသအလိုက်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြစ်သဖြင့် ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ ကလေးငယ်များ ၏ အနာဂတ်ကောင်းမွန်ရေးအတွက် နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုပြီး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၄ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် “မကွေးတိုင်းဒေသကြီးအနေဖြင့် ဧရာဝတီ မြစ်ကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် စီမံ ချက်ကို ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံအတွက်အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး ရှိပြီးသား အခြေခံကောင်းများကို အသုံးချ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများ အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် မည်ဆိုပါက နိုင်ငံအတွက်အားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် မကွေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံအတွက် အားထား ရသည့်တိုင်းဒေသကြီးတစ်ခု ဖြစ်လာအောင် အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပေသည်။

Dates: 
Wednesday, May 29, 2024 - 21:42