လူလိမ်များကြောင့် ဘဝဆုံးရသူ တောင်ကိုရီးယားလူငယ်များ
သူ့ကိုတော့ ပါ့ဆူးလို့ပဲခေါ်ကြပါစို့။ ပါ့ဆူးဟာ တောင်ကိုရီးယားနိုင်ငံသားပါ။ သူက ဆိုးမြို့က ပြတင်း ပေါက်တောင်မပါတဲ့ သေးငယ်လွန်းတဲ့တိုက်ခန်းလေးထဲမှာ ၁၀ နှစ်ကြာအောင်နေထိုင်ခဲ့သူပါ။
အလုပ်လုပ်ရာမှာလည်း နေ့ဘက်မှာသာမက ညဘက်မှာပါ ကြိုးစားပမ်းစားနဲ့ အလုပ်လုပ်တယ်။ ရသမျှငွေကိုလည်း ကျစ်ကျစ်ပါအောင်စုတယ်။ စုလို့ရတဲ့ငွေလေးနဲ့ အိမ်ကောင်းကောင်း တစ်လုံးမှာ နေရဖို့အတွက် စပေါ်ပေးလိုက်တယ်။ အဲဒီမှာပဲ အိမ်ခြံမြေလူလိမ်တွေက သူ့ရဲ့အနှစ်နှစ်အလလ စုဆောင်းထားသမျှတွေကို လိမ်သွားပါလေရော။
တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ငှားစျေးကွက်မှာ တစ်မူထူးခြားတဲ့ စနစ်ကြီးတစ်ခုရှိတယ်ခင်ဗျ။ ကိုရီးယား လိုတော့ ဂျီအွန်ဆေးလို့ခေါ်တာပေါ့။ သူ့ရဲ့အဓိပ္ပာယ်က အိမ်ငှားမယ့်သူတွေက စပေါ်ကြီးကြီးမားမား ပေးရတာမျိုးခင်ဗျ။ တစ်ခါတလေများဆိုရင် ဒေါ်လာသိန်းနဲ့ ချီပေးရတာမျိုးအထိ ရှိတတ်တယ်ခင်ဗျ။
အိမ်ငှားတွေအနေနဲ့ စပေါ်ကြီးကြီးမားမားပေးထားပြီးရင် နောက်ထပ်အိမ်ငှားခ ပေးစရာမလိုဘဲ အကြာ ကြီးနေလို့ရတယ်ခင်ဗျ။ အိမ်ငှားတွေ ပြောင်းတော့မယ်ဆိုရင်တော့ အိမ်ရှင်ကစပေါ်ငွေကို အပြည့် ပြန်ပေးလေ့ရှိတဲ့ စနစ်ပေါ့။ သူ့ရဲ့ပုံစံကဒီလိုခင်ဗျ။ အိမ်ရှင်တွေက အိမ်ငှားတွေဆီကနေ စပေါ်ငွေ အများအပြားရတယ်။ အတိုးမပေးရတဲ့ ချေးငွေပုံစံမျိုးပေါ့။ သူတို့ရဲ့အိမ်ကိုတော့ အပေါင်သဘောမျိုးနဲ့ အိမ်ငှားဆီ ထားထားတယ်။ အိမ်ရှင်တွေက ရလာတဲ့စပေါ်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တယ်ပေါ့ခင်ဗျာ။
ဒီစနစ်က နှစ်ဦးနှစ်ဖက်အတွက် ဘယ်သူမှ အကျိုးမယုတ်တဲ့စနစ်ခင်ဗျ။ တစ်ဦးကငွေပေးပြီး အိမ်မှာ နေတယ်။ တစ်ဦးက အတိုးမဲ့ ချေးငွေသဘောမျိုးနဲ့ စီးပွားရေးလုပ်တယ်။ နှစ်ပြည့်တဲ့အခါ စပေါ်ငွေကို ပြန်ပေးလိုက်ရုံပဲဆိုတော့ ဘယ်သူမှမနစ်နာတဲ့ စနစ်ကြီးဖြစ်နေတာပေါ့။
၁၉၉၀ ပြည့်နှစ်အလွန်ကာလထဲမှာဆိုရင် အဲဒီစနစ်က အိမ်ငှားစျေးကွက်ရဲ့ သုံးပုံနှစ်ပုံကို နေရာယူ ထားတာခင်ဗျ။ နောက်ပိုင်းကျတော့ သူ့ရဲ့အန္တရာယ်ကို လူအများအပြားက ပိုမိုသိရှိလာတဲ့အတွက် လူကြိုက်များမှု လျော့ကျလာတယ်ခင်ဗျ။
ဒီနေ့လိုအချိန်အခါ အိမ်ခြံမြေစျေးကွက်ထဲမှာ လူလိမ်တွေနေရာယူလာတဲ့အခါကျတော့ ဒီစနစ်ကြီးက ပျက်လုနီးနီး ဖြစ်လာရတယ်ခင်ဗျ။ ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရဆိုရင် နှစ်စဉ်အိမ်ခြံမြေ လူလိမ်တွေ နောက်ပါသွားတဲ့ ငွေပမာဏက ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရှိတယ်လို့ သိရတယ်ခင်ဗျ။
ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး ပါ့ဆူးဆိုရင် မနက် ၉ နာရီကနေ ညသန်းခေါင်ရောက်တဲ့အထိ ပစ္စည်း လိုက်ပို့တဲ့ အလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ခဲ့တာပါ။ ဒေါ်လာ ၇၃၀၀၀ လောက်စုမိတဲ့ အထိပေါ့ ခင်ဗျ။
ဒါပေမဲ့ ပါ့ဆူးဟာ သူငှားနေမယ့်အိမ်အတွက် စပေါ်ပေးပြီး အိမ်ပေါ်မှာတက်နေစဉ် မကြာခင်မှာပဲ သူ့ရဲ့အိမ်ရှင်လို့ဆိုတဲ့သူက ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ တကယ်တော့ အဲဒီအိမ်ရှင်ဆိုသူ ဟာ တကယ့်အိမ်ရှင်အစစ်မဟုတ်ဘဲ ကြားထဲကနေရိုက်စားလုပ်သွားတာပါ။
အဲဒီအခါ ပါ့ဆူးဟာလည်း သူများအိမ်ပေါ်မှာ တရားမဝင် တက်နေနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှင်ထုတ် ခံရတယ်ခင်ဗျ။ သူ့ရဲ့ စပေါ်ငွေတွေပြန်ရဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ခင်ဗျာ။
ပါ့ဆူးတစ်ယောက်အနေနဲ့ ဆုံးရှုံးသွားတာက ငွေကြေးတင်မကပါဘူး။ သူ့ရဲ့ဆယ်ကျော်သက် ဘဝ တစ်ခုလုံးပါ အခိုးခံလိုက်ရသလို ဖြစ်သွားတာပါ။
ဒီအခြေအနေအတွက် တရားဝင်လမ်းကြောင်းကနေ တရားစွဲဆိုမှုတွေ လုပ်နေပေမယ့် ပါ့ဆူး တစ်ယောက်ကတော့ သူ့ရဲ့ငွေကြေးတွေနဲ့ အချိန်တွေကိုပြန်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
“အိမ်လေးတစ်လုံး ပိုင်ဆိုင်လိုတဲ့ ကျွန်တော့်ရဲ့အိပ်မက်ကတော့ ပျောက်ခြင်းမလှ ပျောက်ကွယ် သွားရပါပြီ။ အိမ်ထောင်ဖက်နဲ့ ချိန်းတွေ့ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ လက်ထပ်ဖို့နဲ့ ကလေး တစ်ယောက်ရရှိဖို့ ဆိုတာကတော့ ပြောမနေပါနဲ့တော့ဗျာ” ဆိုပြီး ကြေကွဲစွာပြောလာသူက အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပါ့ဆူးရယ်ပါ။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပါ့ဆူးလိုမျိုး အလိမ်ခံလိုက်ရတဲ့သူ စုစုပေါင်း ၁၇၀၀၀ လောက်ရှိတယ်လို့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရတယ်ခင်ဗျ။
အဲဒီ ၁၇၀၀၀ လောက်ထဲမှာမှ ၇၀ ရာခိုင်နှုန်းလောက်က အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်တွေဖြစ်ပြီး အိမ်ခြံမြေ လူလိမ်တွေရဲ့ သားကောင်တွေ ဖြစ်လာတာခင်ဗျ။
ဟိုအရေး၊ သည်အရေး တက်ကြွလှုပ်ရှားသူတွေဆိုတာကတော့ အစိုးရအနေနဲ့ အလိမ်ခံရသူတွေကို ထိရောက်စွာ မကူညီနိုင်သလို လိမ်တဲ့သူတွေကိုလည်း ထိရောက်စွာ အရေးမယူနိုင်ဘူးဆိုပြီး ဝေဖန်မှု တွေ လုပ်နေပါတယ်။ ထုံးစံအတိုင်းပေါ့။
တောင်ကိုရီးယားနိုင်ငံမှာ ဒီလိုမျိုးလိမ်လည်မှုအတွက် အမြင့်ဆုံးကျခံရမယ့် ပြစ်ဒဏ်က ထောင်ဒဏ် ၁၅ နှစ်လို့သတ်မှတ်ထားတာရှိပါတယ်။
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးပါ့ဆူးက သူအလိမ်ခံရတဲ့အဖြစ်အပျက်ကို အစအဆုံး ပြန်ပြောနိုင်သေး တယ်ဆိုတာ တော်တော်ကြီးကံကောင်းလို့ခင်ဗျ။ သူ့လိုမျိုးအလိမ်ခံရပေမယ့် စိတ်မခိုင်သူတွေကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်ခင်ဗျ။
ဒီလိုမျိုးအလိမ်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့သူ အရေအတွက်က အနည်းဆုံး ရှစ်ယောက်ရှိတယ်လို့တော့ တက်ကြွလှုပ်ရှားသူတွေက ပြောတယ်ခင်ဗျ။
တချို့ အိမ်ငှားမယ့်သူတွေဆိုရင် ပါ့ဆူးလိုမျိုး ငွေကိုလုံလုံလောက်လောက် မစုဆောင်းနိုင်တော့ ဘဏ်ကနေ ချေးငွေချေးရတယ်ခင်ဗျ။ ကြီးမြင့်လှတဲ့စပေါ်ပေးဖို့ပေါ့။
သူတို့ရဲ့စိတ်ကူးထဲမှာတော့ သူတို့ဒီအိမ်ကနေပြန်ပြောင်းလို့ စပေါ်ငွေတွေပြန်ရမယ်ဆိုရင် ဘဏ်ကို အကြွေး ပြန်ဆပ်လိုက်မယ်ဟဲ့လို့တွေးထားကြတာပါ။
ဒါပေမဲ့ သူတို့သည်လည်း အိမ်ခြံမြေလူလိမ်တွေရဲ့ လက်ချက်မိသွားတဲ့အခါ စပေါ်တင်ထားသမျှ ငွေအားလုံးဟာ တက်တက်စင်အောင် ပြောင်သွားပါတော့တယ်။
အဲဒီအခါ အလိမ်ခံရသူတွေဟာ ဘဏ်မှာအကြွေးတင်သွားပြန်ပါတယ်။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုတဲ့မြန်မာစကားပုံလို ပေါ့ခင်ဗျာ။
သူတို့မှာ ရှိစုမဲ့စုငွေတွေလည်း အလိမ်ခံရ။ ဘဏ်မှာလည်းအကြွေးတင်ရနဲ့ တော်တော်ကြီးကို ဘဝပျက် သွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမှာမလွဲဧကန်ပဲခင်ဗျ။
တောင်ကိုရီးယားလွှတ်တော်ကတော့ အလိမ်ခံရသူတွေကို ကူညီပေးဖို့စဉ်းစားတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ဥပဒေတစ်ရပ်ကိုအတည်ပြုထုတ်ပြန်လိုက်သေးတယ်ခင်ဗျ။
အဲဒါကတော့ စပေါ်ငွေအလိမ်ခံလိုက်ရတဲ့သူတွေကို နှစ်ရှည်ချေးငွေအနေနဲ့ နှစ် ၂၀ သက်တမ်းရှိ ချေးငွေ တစ်ရပ်ထုတ်ချေးပေးဖို့ပါပဲ။ အစိုးရရဲ့အတိုးမဲ့ ချေးငွေအနေနဲ့ပေါ့ခင်ဗျာ။
ဒါပေမဲ့လည်း စပေါ်ငွေအလိမ်ခံလိုက်ရသူတွေဟာ အစိုးရရဲ့အတိုးမဲ့ချေးငွေက သူတို့ယူထားတဲ့ ဘဏ် ချေးငွေကိုတောင်မှ အားလုံးပြန်ဆပ်ဖို့ မလောက်ဘူးလို့ ဆိုတယ်ခင်ဗျ။ တာဝန်ရှိသူတွေအနေနဲ့ လူလိမ်တွေကို ဖမ်းဆီးပြီး သူတို့ဆီကငွေတွေကို တောင်းပေးမှသာ ရမယ့်အနေအထားရှိတယ်ခင်ဗျ။
“အလိမ်ခံလိုက်ရတဲ့ ငွေတွေအတွက် လူငယ်တွေကို နောက်ထပ်အနှစ် ၂၀ လုံးလုံး အကြွေး ပြန်ဆပ်ခိုင်းတာဟာ သူတို့ကို အသက်ဆက်မရှင်တော့နဲ့လို့ပြောလိုက်သလိုပါပဲ” ဆိုပြီး အလိမ်ခံရသူ တစ်ဦးဖြစ်တဲ့ ဆန်းမီကပြောတယ်ခင်ဗျ။
နောက်ထပ် နည်းလမ်းတစ်ခုက လူမွဲခံယူလိုက်တဲ့ အခြေအနေခင်ဗျ။ လူမွဲခံယူလိုက်တယ်ဆိုရင် တချို့သော အကြွေးတွေကို ဆပ်စရာမလိုတော့ဘူးပေါ့။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့အပေါ်ယုံကြည်ရမယ့် တခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း ဆုံးရှုံး လိုက်ရတယ်လေ။ လူငယ်တွေအတွက်တော့ တစ်ဘဝစာ အမည်းစက်ကြီး ထင်သွားသလိုပေါ့ခင်ဗျာ။
ဂျီအွန်ဆေးငရဲခန်းဆိုတဲ့ စာအုပ်ကိုရေးသားသူ ချွဲဂျီဆုကလည်း ဂျီအွန်ဆေးရဲ့ သားကောင်ဖြစ်ခဲ့သေး တယ်ခင်ဗျ။ အဲဒီတုန်းက ပိုးဟပ်တွေနဲ့အတူ ဖက်နေရတဲ့ တိုက်ခန်းလေးကနေပြောင်းနိုင်ဖို့အတွက် ချွဲဂျီဆုက သူ့တစ်ဘဝလုံး စုဆောင်းလာသမျှငွေတွေအပြင် ဘဏ်ချေးငွေကိုပါယူပြီး စပေါ်တင်လိုက် ပါတယ်။
ဒါပေမဲ့ အဲဒီတိုက်ခန်းအသစ်မှာ သူနေနေတုန်းမှာပဲ တိုက်ခန်းကိုတခြားတစ်ယောက်က ဝယ်သွား တယ်။ သူ့ကိုအိမ်ငှားပေးခဲ့တဲ့ အိမ်ရှင်ကတော့ သူ့ရဲ့စပေါ်ငွေတွေကိုယူပြီး ပျောက်သွားတယ်ပေါ့။ ချွဲဂျီဆု တစ်ယောက် ကတော့ အကြွေးတွေနဲ့နေရမယ့်ဘဝကို ရောက်သွားပါလေရော။
ချွဲဂျီဆုက သူ့ရဲ့ဘဏ်ချေးငွေကို ပြန်ဆပ်နိုင်ဖို့အတွက် အတိုးနှုန်းများပြားတဲ့ အကြွေးဝယ်ကတ်ကနေ ချေးငွေတွေ ရယူခဲ့ရသလို သူ့ရဲ့စတော့ရှယ်ယာတွေကိုလည်း ထုတ်ရောင်းခဲ့ရတယ်ခင်ဗျ။
ဒါ့အပြင် စားသောက်ဆိုင်တွေမှာ နေ့ဆိုင်း၊ ညဆိုင်းတွေလိုက်ဆင်းပြီး ငွေစုဖို့အတွက် စျေးပေါတဲ့ အစား အစာတွေကိုသာစားကာ အသက်ဆက်ခဲ့ရတယ်။
သူဟာ နေ့စဉ်ရက်ဆက်ပေါင်းများစွာ စားသုံးသူများအတွက် အရသာရှိတဲ့ ဟင်းလျာတွေကို ဖန်တီး ပေးခဲ့ပေမယ့် သူ့ကိုယ်သူတော့ အသင့်စားခေါက်ဆွဲဘူး တစ်ဘူးတောင်မှ မသဒ္ဓါခဲ့ရှာပါဘူး။
“ကျွန်တော်ကစျေးပေါတဲ့ ခေါက်ဆွဲခြောက်ဘူးကိုသာ အစာအဖြစ်စားခဲ့ရပေမယ့် အဲဒီလို စားလိုက်တိုင်း မှာလည်း မျက်ရည်ကျမိတာအခါခါပါပဲဗျာ” ဆိုပြီး သူ့ရဲ့စာအုပ်ထဲမှာ ရေးထားတာတွေ့ရတယ်ခင်ဗျ။
တောင်ကိုရီးယား အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကတော့ အစိုးရအနေနဲ့ အလိမ်ခံ လိုက်ရတဲ့သူတွေကို သူတို့ရဲ့ စပေါ်ငွေတွေပြန်ပေးဖို့အတွက် တိုက်တွန်းတဲ့ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းထားတယ်ခင်ဗျ။ ဒါပေမဲ့ ဒီဥပဒေဟာ အစိုးရအတွက် တော်တော်လေးကို အကုန်အကျ များမယ့် ဥပဒေဖြစ်နေပါတယ်။ အဲဒီဥပဒေကို မကြာခင်မဲခွဲဆုံးဖြတ်မှာပါ။
တကယ်တော့ ဒီလိုမျိုးလိမ်လည်မှုဆိုတာ တော်တော်လေးကို လူမဆန်တဲ့ လုပ်ရပ်လို့ ပြောလို့ရတယ် ခင်ဗျ။ ချွေးနည်းစာလေးတွေ၊ ရှိစုမဲ့စုလေးတွေ၊ တခြားကနေချေးထားတဲ့ ငွေလေးတွေ အလိမ်ခံလိုက် ရတာဟာ ဘဝတစ်ခုထူထောင်ဖို့ကြိုးစားနေတဲ့ လူငယ်လေးတွေအတွက်တော့ ဘဝကြီးပျက်သွား သလိုပါပဲ ခင်ဗျာ။ ။
Ref: RL
ထက်မြတ်