ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ ရထားလမ်းနှင့် တံတားများ ထိခိုက်ပျက်စီးမှုများကို ပြန်လည်မွမ်းမံ ပြင်ဆင်ပြီးဖြစ်ပါ၍ လူစီးရထားများ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်
နေပြည်တော် အောက်တိုဘာ ၃
တိုင်ဖွန်းမုန်တိုင်း“ရာဂိ”၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ အချို့ရထားလမ်း တာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို စက်တင်ဘာလ ၁၁ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့် တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တို့ဖြင့် စနစ်တကျစီမံကြီးကြပ် ဆောင်ရွက်ခဲ့မှုကြောင့် စက်တင်ဘာ လ၂၁ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ရန်ကုန်-သာစည်၊ သာစည်-ရန်ကုန်ခရီးစဉ် အဖြစ် အမှတ်(၁၁)အဆန်/(၁၂)အစုန် လူစီးအမြန်ရထားကို စတင်ပြေးဆွဲပေးနိုင်ခဲ့သည်။
ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ဝမ်းတွင်းမြို့နယ်၊ သဲတောနှင့် သပြေတောင်းကြား ရထားလမ်းပိုင်းနှင့် မိုင်တိုင်(၃၃၃/၁)ရှိ အဆန်လမ်းတံတား အမှတ်(၆၉၁)၏ ကမ်းကပ်ခုံ ရေတိုက်စားခံရခြင်း၊ အစုန်လမ်း တံတားအမှတ်(၆၉၁)၏ ပေ ၄၀ သံပေါင် လေးခု ရေထဲပြုတ်ကျခြင်း၊ အဆန်လမ်း/အစုန်လမ်း ရထားလမ်းတာပေါင် ရေတိုက်စားခံရခြင်းများတွင် အဆန်လမ်းတံတား အမှတ်(၆၉၁)ကို ယာယီတံတား ဘေလီသံပေါင်နှင့် Steel Girder များ ထည့်သွင်းခြင်း၊ ရေတိုက်စားတာပေါင်များကို သံလမ်းဖြုတ်သိမ်း၍ သဲအိတ်စီထပ်ခြင်း၊ (၆" x ၉" )လက်မကျောက်ကြီးများ ထည့်သွင်းခြင်း၊ မြေဖို့ခြင်းများ ဆောင်ရွက်ပြီးနောက် သံလမ်းပြန်လည်ခင်းခြင်း၊ ရေတိုက်စား နေရာများတွင် သစ်သားဖားထပ်ခွေယာယီ ဆောင်ရွက်ခြင်းစသည့် အကြီးစားပြင်ဆင် မွမ်းမံမှုများကို ဆောင်ရွက်ခဲ့ရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် စက်တင်ဘာလ ၂၉ ရက်တွင် လာရောက်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း၊ ပံ့ပိုးဖြည့်ဆည်း ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်းပြုပြင် ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်တိုဘာလ ၂ ရက် ည ၇ နာရီ ၂၆ မိနစ်အချိန်တွင် သဲတော-သပြေတောင်းအကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ရန်ကုန်-မန္တလေး အမှတ်(၁၁)အဆန်နှင့် မန္တလေး-ရန်ကုန် အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၊ ရန်ကုန်-မန္တလေး အမှတ်(၁)အဆန်၊ မန္တလေး-ရန်ကုန် အမှတ်(၂)အစုန်စာပို့ရထား ခရီးစဉ်များကို ယနေ့မှ စတင်ပြေးဆွဲပေးလျက် ရှိကြောင်းနှင့် ကုန်ရထားများကိုလည်း အောက်တိုဘာလ ၄ ရက်မှစတင်၍ ပုံမှန်ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူ အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွား၍ ရထားလမ်း၊တံတားများ ထိခိုက် ပျက်စီးသွားမှုကြောင့် ယာယီရပ်နားခဲ့ရသည့် ရန်ကုန်-မန္တလေး ခရီးစဉ်အမှတ်(၁၁)အဆန်/(၁၂)အစုန် လူစီးအမြန်ရထားနှင့် အမှတ်(၁)အဆန် /(၂)အစုန် စာပို့ရထားတို့ကို မူလပြေးဆွဲချိန်များ အတိုင်း ဆက်လက်ပုံမှန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။