UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ
နေပြည်တော် အောက်တိုဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂိတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေး ကျရောက်ခဲ့သည့် အခြေအနေများ၊ လက်ရှိ အစိုးရ၏ ဆောင်ရွက် လျက်ရှိသည့် အစီအမံများ၊ လူသားချင်းစာနာမှု အကူအညီများကို ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ လက်ဝယ်သို့ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများနှင့် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အနေဖြင့် သဘာဝဘေးနှင့် ပဋိပက္ခဒဏ်သင့်ဒေသများမှ ပြည်သူများ၏ လူမှုဘဝပြန်လည် ထူထောင်ရေး အပေါ် အကူအညီပေးနိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဝန်ကြီးဌာနများနှင့် UNHCR အကြား နားလည်မှု စာချွန်လွှာများ ပုံမှန် သက်တမ်းတိုး ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦးနှင့် အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။