ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လက်ခံတွေ့ဆုံ
နေပြည်တော် အောက်တိုဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် MoU သက်တမ်းထပ်မံ တိုးမြှင့်ကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ခွင့်ဗီဇာ ကိစ္စရပ်များနှင့် ပြည်ပမှ တင်သွင်းသည့်ပစ္စည်းများကို အကောက်အခွန်လွတ်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေ၊ ဘူးသီးတောင်၊ မောင်တောဒေသမှ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေး အတွက် ဆောင်ရွက်ပေးမှုနှင့် လိုအပ်ချက်ရှိပါက ကြိုတင်တင်ပြ ဆောင်ရွက်နိုင် ရေး အခြေအနေ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း လာသည်နှင့်အမျှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိနိုင်ရေး အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။