ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်

 

ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်

 

ဒိုဟာ   အောက်တိုဘာ   ၃  

    ကာတာနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ယနေ့တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသည့်   တတိယအကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွဲ့(အေစီဒီ) ၏ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

 ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ ကျင်းပခဲ့သည့်  တတိယ အကြိမ်မြောက် အေစီဒီ ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၌ အေစီဒီအဖွဲ့ဝင်နိုင်ငံများက အေစီဒီထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကာတာနိုင်ငံက   သတ်မှတ်ထားသည့် ဘာသာရပ်ခေါင်းစဉ်ဖြစ်သည့် “အားကစား ရေးရာသံတမန် ဆက်ဆံရေး” အပေါ် ကြိုဆိုခဲ့ကြကာ၊ ကိုယ်စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာ နိုင်ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားသည်။

တတိယအကြိမ်မြောက် အေစီဒီထိပ်သီး အစည်းအဝေး၌   ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့ နံနက်ပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်‌ထောင်စုဝန်ကြီးက အေစီဒီလက်ရှိဥက္ကဋ္ဌ    အီရန်နိုင်ငံ၏  ခေါင်းဆောင်မှု ကို အသိအမှတ်ပြုပါကြောင်းနှင့် ထို့ပြင် ၂၀၂၅ ခုနှစ် အေစီဒီ ဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်မည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပါကြောင်းနှင့်   မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအား အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တတိယအကြိမ်မြောက် အေစီဒီထိပ်သီး အစည်းအဝေးအတွင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အေစီဒီပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံအလိုက် ဖြစ်ပေါ် တိုးတက်မှုများကိုလည်း    ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများက အေစီဒီ အတွင်းရေးမှူးချုပ်အဖြစ် မကြာသေးမီက  ခန့်အပ်ခဲ့သည့် ကူဝိတ်နိုင်ငံမှ သံအမတ်ကြီး Nasser Raden Thamer Al-Mutairi နှင့် ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည့် အီရန်နိုင်ငံမှ သံအမတ်ကြီး Mohammed Taghi Hosseini တို့အား ဝမ်းမြောက်ဂုဏ်ယူကြောင်း ထည့်သွင်းပြောကြားခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ်  “ဒိုဟာ ကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား   ရှင်းလင်းပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် အိမ်ရှင်ကာတာနိုင်ငံ အကြီးအကဲ ရှိတ် တမင်း(မ်)ဘင်ဟမတ် အယ်တာနီက   တတိယအကြိမ်မြောက် အေစီဒီထိပ်သီး အစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသည့် ကိုယ်စားလှယ် အဖွဲ့များကို  ဒိုဟာမြို့ရှိ ရစ်ကာလ်တန် ဟိုတယ်၌ ဂုဏ်ပြု နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံ ချာအမ်းမြို့၌ စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်။ လက်ရှိတွင် အေစီဒီ၌ ဒေသတွင်း အုပ်စုကြီး ငါးခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီး ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ ၃၅ နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံသည် အေစီဒီ စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ယေဘုယျအားဖြင့် အာရှနိုင်ငံများ အကြား အပြန်အလှန် အမှီသဟဲပြုရေးကို မြှင့်တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက်အဝန်းအဖြစ်သို့   ပြောင်းလဲရန် ရည်ရွယ်လျက် အေစီဒီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ အေစီဒီ အတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌  ၂၀၁၃ ခုနှစ် အောက်တို ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများ အကြား “ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” နှင့်ကိုက်ညီသည့် အဓိကမဏ္ဍိုင်ကြီး (၆) ခု၌ ဦးစားပေး  ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားသည်။ အဆိုပါ အဓိက မဏ္ဍိုင်ကြီး (၆)ခုမှာ ပေါင်းစည်းဆက်နွှယ်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ပညာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ အားလုံးပါဝင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့ဖြစ်သည်။

ကာတာနိုင်ငံ၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အေစီဒီ ထိပ်သီးအစည်းအဝေးသို့ အေစီဒီအဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံမှ ကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ကြောင်း သိရသည်။  

Dates: 
Friday, October 4, 2024 - 06:03