မြန်အောင်မြို့နယ်မှ ထွက်ရှိသော နဂါးမောက်သီးများ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်း အလုံးရေ ငါးသိန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့
မြန်အောင် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှထွက်ရှိသော နဂါးမောက်သီးများ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်း အလုံးရေ ငါးသိန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြန်အောင်မြို့နယ် နဂါးမောက်စိုက်ပျိုးရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဌေးဌေးရီ၏ ပြောပြချက်အရ သိရသည်။
မြန်အောင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်း နဂါးမောက်သီး အလုံးရေ ငါးသိန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသတွင် အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးသည့် နဂါးမောက်သီးများ ထွက်ရှိကြောင်း သိရသည်။
''နဂါးမောက်သီးတွေကို အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးပါတယ်။ ဒီလိုစိုက်ပျိုး ထားတဲ့အတွက် နဂါးမောက်သီးတွေက ရက်ရှည်အထားခံပါတယ်။အရသာလည်းကောင်းမွန်တယ်။ ဈေးကွက်မှာလည်း ရောင်းပန်းလှသလို ဝယ်ယူသူတွေ ကလည်း ရိုးရိုးအသီးထက် အော်ဂဲနစ်သီးကို ပိုကြိုက်ကြတယ်။ လက်ရှိကာလက မြန်အောင်မြို့နယ်မှာ နဂါးမောက်သီး ရောင်းအား ကောင်းနေချိန်ဖြစ်ပါတယ်။
ဒေသထွက်နဂါးမောက်သီးတွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချနေတာဖြစ်ပါတယ်'' ဟု ဒေါ်ဌေးဌေးရီက ပြောသည်။
မြန်အောင်မြို့နယ်၌ အော်ဂဲနစ်နည်းဖြင့် တောင်သူတစ်ဦးလျှင် နဂါးမောက် တစ်ဧကမှ ငါးဧကအထိစိုက်ပျိုးကြပြီး ဒေသခံလုပ်ငန်းရှင်များ၊ တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များ ပူးပေါင်းစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါဒေသထွက် နဂါးမောက်သီးများ အရောင်းအဝယ်ကောင်းမွန်နေသည့်အတွက် လာမည့်ဆောင်းရာသီတွင် နဂါးမောက်ဧက ထပ်မံတိုးချဲ့စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။