ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

 

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

 

ပြည်  အောက်တိုဘာ  ၉

    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် သည်  ပြည်မြို့ မှော်ဇာကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု     အားပေးခဲ့သည်။ ၎င်းနောက် မှော်ဇာကျေးရွာရှိ မွေးမြူရေး လုပ်ငန်းရှင် ဦးတင်ထွန်းအောင်၏ ဒေသကြက်ကောင်ရေ တစ်သောင်း မွေးမြူရေးခြံသို့    သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် တိရစ္ဆာန်အစာပြုလုပ် ကျွေးမွေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပြည်မြို့ ရွာဘဲရပ်ကွက်၌ ဒေသခံလူငယ်များ ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားကဏ္ဍ ပိုမိုစိတ်ဝင်စားလာစေရေး ဖူဆယ်ကွင်းတည်ဆောက်နေမှု လုပ်ငန်းခွင်နှင့် ရွှေဝါထွန်း ကောက်စိုက်စက် ထုတ်လုပ်ရေး အလုပ်ရုံတို့သို့  ရောက်ရှိခဲ့ပြီး ကောက်စိုက်စက်တီထွင် ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းက ပြည်မြို့ တည် ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီ အစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါအစီအစဉ်သည် ရေဘေးသင့်ခဲ့သည့် ပြည်မြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာ အုပ်စုသုံးစုရှိ အိမ်ထောင်စု ၆၈၀၊ လူဦးရေ၂၇၁၉ ဦးအတွက် ဆန်အိတ်ပေါင်း၂၄၈ အိတ်အား ထောက်ပံ့ပေးခြင်းဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်နှစ်ခုအတွက် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့ကာ ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့်ဆန်အိတ်များအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။