မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် အောက်တိုဘာ ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီခွဲတွင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင် ဝေယံထက်(ခ)နောင်ပြဲ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀ ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာလ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ကျေးရွာအုပ်စု မြောက်တံတိုင်းရှည်ကျေးရွာနေ သူရမင်း(ခ)မင်းမင်း၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၉၅၀ ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် မေတ္တာလမ်းနေ မကြူကြူလှိုင်(ခ)ဖားကြီး၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၀၊ အိုက်စ် သုည ဒသမ ၀၂ ကီလိုကို လည်းကောင်း။
ထို့အတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအနီးတွင် အိုက်အော့(ခ)စိုင်းအွတ် မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ အနီးတွင် ကျဒိန်အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။