ယခုအပတ်စားအုန်းဆီ စျေးနှုန်းတစ်ပိဿာ ၆၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

ယခုအပတ်စားအုန်းဆီ စျေးနှုန်းတစ်ပိဿာ ၆၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်  အောက်တိုဘာ  ၁၃

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်   ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများအရ ယခုအပတ်(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ)   ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

စက်တင်ဘာလ ၃၀ ရက်မှအောက်တိုဘာလ ၆ ရက်အထိ ထုတ်ပြန်သတ်မှတ်ခဲ့သည့် တစ်ပိဿာ လက်ကားရည်ညွှန်း စျေးနှုန်းမှာ ၆၇၂၀ ကျပ်၊ အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်အထိ  ရည်ညွှန်းစျေးနှုန်းမှာ ၆၄၅၅ ကျပ်နှင့် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ရည်ညွှန်းစျေးနှုန်း မှာ ၆၃၅၅ ကျပ်ဖြစ်သည့်အတွက် ရည်ညွှန်းဈေးနှုန်းမှာ  နှစ်ပတ်ဆက်တိုက် ကျဆင်းလာခဲ့ကြောင်း တွေ့ရသည်။

ပြည်တွင်းဈေးကွက်အတွင်း ပြည်သူလူထုအတွက် ဈေးနှုန်း သက်သာစွာ ဖြန့်ဖြူးပေးရန် ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။                      

Dates: 
Monday, October 14, 2024 - 05:24