Gavi SEARO WPRO Constituency Meeting သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Video Conferencing စနစ်ဖြင့် တက်ရောက် ဆွေးနွေးပြောကြား

 

Gavi SEARO WPRO Constituency Meeting သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Video Conferencing စနစ်ဖြင့် တက်ရောက် ဆွေးနွေးပြောကြား

 

နေပြည်တော်  အောက်တိုဘာ ၁၄

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်းသည်  ယနေ့ညနေပိုင်းတွင်   အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ (SEARO) နှင့် အနောက်ပစိဖိတ် ဒေသဆိုင်ရာအဖွဲ့(WPRO)၊ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ Global Alliance for Vaccine Initiatives (Gavi) အဖွဲ့၏ (၂၀၂၆-၂၀၃၀) ခုနှစ်များတွင် ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးကြသည်။

အစီအစဉ်အရ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin နှင့် Gavi အဖွဲ့မှ Chief Country Delivery Officer, Mr. Thabani Maphosa တို့ကအဖွင့် အမှာစကားပြောကြားပြီး Gavi အဖွဲ့မှတာဝန်ရှိသူများက (၂၀၂၆-၂၀၃၀) ငါးနှစ်တာကာလ ကာကွယ်ဆေးထိုးလုပ်ငန်း မဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား     အစည်းအဝေး တက်ရောက်လာသည့် ကျန်းမာရေးဝန်ကြီးများထံ တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Gavi အဖွဲ့၏ (၂၀၂၆-၂၀၃၀) ငါးနှစ် မဟာဗျူဟာစီမံကိန်းတွင်   မြန်မာနိုင်ငံမှတက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ၁၃ မျိုးကို တစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး အမျိုးအစား ရှစ်မျိုးကို နိုင်ငံတော်ဘတ်ဂျက်မှ ထောက်ပံ့ပေးလျက်ရှိပြီး ကာကွယ်ဆေး အမျိုးအစားခြောက်မျိုးကို Gavi မှထောက်ပံ့ပေးလျက်ရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းကိုလည်း  အသက် ၉ နှစ်မှ ၁၀ နှစ်ကြား မိန်းကလေးများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ၈၈ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နှစ်စဉ်အမျိုးသား ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် နိုင်ငံခြားငွေ အမြောက်အမြား ကျခံသုံးစွဲပေးလျက်ရှိပြီး Gavi အဖွဲ့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ဆက်လက်ပေးစေလိုကြောင်း၊ ကျန်းမာရေးသတင်းအချက်အလက်များ အသုံးပြု၍ ကာကွယ်ဆေးထိုး လုပ်ငန်းများအား တစ်နိုင်ငံလုံးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး  ပါဝင်တက်ရောက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနှင့်    အနောက်ပစိဖိတ်ဒေသဆိုင်ရာ အဖွဲ့များ၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်  အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊  သီရိလင်္ကာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အစရှိသည့်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကလည်း ၎င်းတို့အမြင်များ၊ အကြံပြု သုံးသပ်ချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားသည်။

Dates: 
Tuesday, October 15, 2024 - 07:16