မြင်ကွင်းဘေးက ကုသိုလ်ရှင်
မြင်ကွင်းဆိုတာ ကျွန်မတို့ ရှေ့တည့်တည့်ကိုပုံမှန်ကြည့်တဲ့အခါ မြင် ရတဲ့အနေအထားကို ဆိုလိုတာပါ။ လူတိုင်းရဲ့မျက်လုံးက ကိုယ့်ရှေ့မှာ ရှိတဲ့ အရာဝတ္ထုအားလုံးကို မြင်နိုင်စွမ်းမရှိပါဘူး။ အထူးသဖြင့် ဘေး အစွန်းမှာရှိနေတဲ့ အရာဝတ္ထုတွေအားလုံးကို မမြင်နိုင်ပါဘူး။ ညာဘက် အစွန်းမှာရှိတဲ့ အရာဝတ္ထုကို မြင်ချင်ရင် ညာဘက်ကို စောင်းကြည့်မှ သေသေချာချာမြင်ရမယ်။ ထိုနည်းတူစွာပဲ ဘယ်ဘက် အစွန်းမှာရှိတဲ့ ပစ္စည်းတွေကိုမြင်ချင်ရင် ဘယ်ဘက်ကိုစောင်းကြည့်မှ မြင်မှာပါ။ ကျွန်မတို့ ဆေးရုံမှာ ဆိုရင် ဆေးပဒေသာပင်အတွက် ရည်ရွယ်ပြီးလှူတဲ့ အလှူရှင်တွေလည်းရှိတယ်။ အဲဒီအလှူရှင်တွေကို ကျွန်မတို့အားလုံးက ကျေးဇူးတင်တယ်။ လှူဒါန်းပွဲလေးလုပ်ပြီး ဆေးရုံအုပ်ကြီးကလည်း အလှူရှင်တွေ ကို ဂုဏ်ပြုကတ်ပြားလေး ပေးတယ်။ ကျေးဇူးတင်စကား ပြောတယ်။ လှူဒါန်းငွေပေးတဲ့ ဓာတ်ပုံ တွေလည်း တီဗွီထဲပါတယ်။ သတင်းစာထဲမှာလည်း ပါတယ်။ ဒါတွေက မြင်ကွင်းအတွင်းဝင်လာတဲ့ ကုသိုလ်ရှင် တွေပါ။ တစ်နည်းအားဖြင့် ပြောရရင် လူတိုင်းသိတဲ့မြင်တဲ့ ကုသိုလ်ရှင်တွေပါပဲ။ ဒီလိုဆိုရင် ကျွန်မတို့ဆေးရုံမှာ မြင်ကွင်းဘေးက ကုသိုလ်ရှင်တွေက ဘယ်သူတွေပါလိမ့်။
ပထမပြောပြချင်တဲ့ ကုသိုလ်ရှင်ကတော့ ဆေးရုံထဲကို ဝင်ဝင်ချင်း တွေ့ရတဲ့သူတွေပါပဲ။ ဆေးရုံဂိတ် ပေါက်မှာ ဆေးရုံကိုလာတဲ့လူတွေ၊ ကားတွေကိုစိစစ်နေတဲ့ တာဝန်ကျဝန်ထမ်းတွေပါ။ သူတို့က လာတဲ့ လူတွေကို လူဆိုးလား၊ လူကောင်းလားဆိုတာ အကြမ်းဖျင်း ခွဲခြားစိစစ်ရပါတယ်။ ဆေးရုံထဲမှာ ရှိနေတဲ့ လူနာတွေကို အန္တရာယ်ပေးဖို့လာတဲ့သူ တွေလား စစ်ဆေးရပါတယ်။ ဒီလိုလုပ်တာက ဆေးရုံထဲမှာ ရှိနေတဲ့ လူနာတွေရဲ့ လုံခြုံရေးအတွက်ပဲဖြစ်ပါတယ်။ လူနာတွေကို မလိုလား အပ်တဲ့ အန္တရာယ် မဖြစ်အောင် သူတို့က စစ်ဆေးပေးနေရတာပါ။ သူတို့ အဖွဲ့ကိုလည်း မြင်ကွင်းဘေးက ကုသိုလ်ရှင်တွေလို့ ကျွန်မက မီးမောင်း ထိုးပြလိုပါတယ်။
ဆေးရုံဂိတ်ဝကဝင်လာပြီး ဒုတိယအဆင့်တွေ့ရမယ့်နေရာကတော့ အရေးပေါ်လူနာဌာနဖြစ်ပါတယ်။ အရေးပေါ်ဌာနက ဝန်ထမ်းတွေက လည်း ရောက်လာတဲ့လူနာရဲ့ အရေးကြီးမှုအနေအထားကို အမြန်ဆုံး စစ်ဆေးပြီး အောက်ဆီဂျင်ချက်ချင်းပေးရမှာလား၊ လက်ကအကြောဆေး ချက်ချင်းထိုးရမှာလား၊ ဓာတ်မှန်တို့၊ စီတီစကင်တို့ ချက်ချင်းရိုက်ရမှာလား ဆိုတာကို ဆုံးဖြတ်ပြီး ဌာနချင်းချိတ်ဆက်တဲ့ အလုပ်လုပ်ကြရပါတယ်။ မော်တော်ယာဉ်ဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ခွဲစိတ်ဆောင်၊ ဆေး ကုသဆောင်တွေ အားလုံးနဲ့ပေါင်းစပ်ပြီး လိုအပ်တဲ့ကုသမှုအမြန်ဆုံးရ အောင်လုပ်ကြရပါတယ်။ ဒီလို လုပ်တဲ့အခါ လူနာနဲ့လူနာရှင်ရဲ့ကွယ်ရာမှာ
ဖုန်းနဲ့ချိတ်ဆက်တာဖြစ်တဲ့အတွက် ဒီအရေးပေါ်ဌာနက ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်ကလည်း မြင်ကွင်းထဲမှာ ရှိမနေနိုင်ပါဘူး။ လူနာကုသဆောင်တွေမှာ လုပ်ဆောင်နေတဲ့ သန့်ရှင်းရေးဝန်ထမ်း တွေရဲ့ လုပ်ဆောင်ချက်က အင်မတန်အရေးကြီးပါတယ်။ ကြမ်းတိုက်တဲ့အခါ ပိုးသတ်ဆေးရည်၊ ဆပ်ပြာရည်နဲ့ သေသေချာချာမလုပ်ဘူးဆိုရင် ကြမ်းပေါ်မှာရှိနေတဲ့ ရောဂါပိုးတွေ၊ လေထဲမှာရှိတဲ့ ရောဂါပိုးတွေ လူနာဆီကို အလွယ်တကူဝင်လာမှာဖြစ်ပါတယ်။ လူနာအသက်ရှူတဲ့ အခါ လေထဲက ပိုးတွေ ဝင်လာမယ်။ လေထဲကပိုးတွေက လက်မှာသွင်း ထားတဲ့ အကြောဆေးအရည်ထဲဝင်လာမယ်။ ဆီးပိုက်ထဲကိုလည်း ဝင်လာနိုင်တာပေါ့။ အဲဒီလိုမဖြစ်အောင် ဆေးရုံမှာအလုပ်လုပ်နေတဲ့ သန့်ရှင်း ရေးဝန်ထမ်းတွေက သူတို့အလုပ်ကို သေသေချာချာ လုပ်ပေးနေတာဖြစ် ပါတယ်။ တကယ်တော့ ဆေးရုံက သန့်ရှင်းရေး ဝန်ထမ်းတွေက မြင်ကွင်း ဘေးမှာရှိတဲ့ ကုသိုလ်ရှင်တွေ၊ ဆေးရုံကလူနာတွေ ရောဂါပိုးတွေထပ် မဝင်အောင် ရေနစ်သူ ဝါးကူထိုးတာမဖြစ်အောင် လုပ်နေတဲ့ အရေးကြီး ဝန်ထမ်းတွေ ဖြစ်ပါတယ်။
ကျွန်မတို့ လူနာတွေကို ဆေးထိုးတဲ့အခါ အဆင့်ဆင့်ဂရုစိုက်ရပါ တယ်။ ကျွန်မတို့လက်တွေကို ဆပ်ပြာနဲ့ သေသေချာချာဆေးရတယ်။ ဆေးထိုးရင် ဆေးထိုးပြွန်တွေ၊ ဆေးဘူးတွေကို ကိုင်တွယ်တဲ့အခါမှာ လည်း ဘေးကပိုးတွေမဝင်အောင် အထပ်ထပ်စနစ်တကျပြုလုပ်ရပါ တယ်။ အဲဒီအဆင့်ဆင့်မှာ တစ်နေရာရာမှာ ချွတ်ချော်သွားပြီဆိုရင် ဆေး ထိုးပြီးပြီးချင်း လူနာမှာ ပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်လာပါတယ်။ ဖျား
တယ်၊ ချမ်းတုန်တယ်၊ မောပြီး အသက်ရှူကျပ်တယ်ပေါ့။ အဆိုးဆုံးကတော့ အသက်ဆုံးရှုံးနိုင်တာပေါ့။ အဲဒီလိုမျိုးမဖြစ်အောင် ဆေးထိုးတဲ့ အခါ၊ ဆီးပိုက်ထည့်တဲ့အခါ၊ အကြောဆေးအပ်သွင်းတဲ့အခါတိုင်းမှာ စနစ်တကျလုပ်ဆောင်ရပါတယ်။ ဒါတွေကို စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းမှာလုပ်နေတဲ့ ဆရာဝန်၊ သူနာပြုတွေအားလုံးက သတိကြီးစွာနဲ့ လုပ်ရပါတယ်။ တကယ်တော့ သူတို့တွေအားလုံးကိုလည်း မြင်ကွင်း ဘေးကကုသိုလ်ရှင်တွေလို့ ကျွန်မက တင်စားလိုပါတယ်။ ဒီနေရာမှာ တချို့ကတော့ စောဒက တက်နိုင်ပါတယ်။ ဒီအလုပ်က သူတို့အလုပ်ပဲ၊ သူတို့သိရမှာပေါ့၊ ဘာလို့ကျေးဇူးတင်စရာလိုလဲလို့။ ကျွန်မကတော့ ဆရာဝန်၊ သူနာပြုတွေ ဘယ်အဆင့်မှာပဲ လုပ်နေလုပ်နေ သူတို့တွေကို မြင်ကွင်းဘေးက ကုသိုလ်ရှင်လို့ပဲ သတ်မှတ်လိုပါတယ်။
ကျွန်မတို့ဆေးရုံက အထူးကြပ်မတ်ကုသဆောင် (အိုင်စီယူ) မှာဆိုရင် လူနာစောင့်အဝင်အထွက် ကန့်သတ်ထားတယ်။ သတိမေ့တဲ့လူနာ တစ်ဦးအတွက်ဆိုရင် အနီးကပ်ကြည့်ဖို့ အစောင့်နှစ်ဦးတော့ အနည်း ဆုံးလိုတာပေါ့။ အဲဒီတော့ လူနာနဲ့သူနာပြုအင်အားအခြေအနေအရ လူနာစောင့်တွေကို စည်းကမ်းနဲ့ ခွင့်ပြုရတာပေါ့။ ဒီလိုအိုင်စီယူထဲ ဝင်တဲ့အခါ အပေါ်ကဝတ်ရုံဝတ်တာတို့၊ ဖိနပ်ပြောင်းစီး တာတို့က သူ့စည်းကမ်းနဲ့သူ လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ ဒီလိုမျိုး စည်းကမ်း လိုက်နာခြင်း ကလည်း ရောဂါပိုးကာကွယ်ရာရောက်တယ်လို့ အမြင် စိတ်ရှိရင် လိုက်နာရမှာပေါ့။ ဒီလိုလုပ်ဆောင် တာကလည်း မြင်ကွင်း ဘေးကကုသိုလ်ရှင်ဆိုတဲ့အသိနဲ့ဆိုရင် ပိုပြီးကောင်းပါတယ်။
အနှစ်ချုပ်အနေနဲ့ပြောရရင် ဆေးရုံမှာအလုပ်လုပ်နေတဲ့ ထိပ်ဆုံးက ဆေးရုံအုပ်ကြီးကစပြီး ဆရာဝန်၊ သူနာပြုအားလုံး၊ သန့်ရှင်းရေးဝန်ထမ်း အားလုံးက သူ့နေရာနဲ့သူ စက္ကန့်မပြတ် မြင်ကွင်းဘေးက ကုသိုလ်ရှင် တွေဖြစ်ကြပါတယ်။ လူနာတွေအားလုံး၊ လူနာစောင့်တွေအားလုံးက လည်း ငွေကြေး တစ်စုံတစ်ရာ မစိုက်ထုတ်ရဘဲ မြင်ကွင်းဘေးကကုသိုလ် ရှင်တွေဖြစ်ကြတယ်ဆိုတာ သဘော ပေါက် ကြရမှာပါ။ မြင်ကွင်းဘေး က ကုသိုလ်ရှင်များအားလုံး နေ့ညမပြတ် ကုသိုလ်များ အထပ်ထပ် ပွားနိုင် ကြပါစေ။ ။
ပါမောက္ခဒေါက်တာခင်ဖြူပြာ