အစာအိမ် အူလမ်းကြောင်းနှင့် အကိုက်အခဲ ပျောက်ဆေးအန္တရာယ်
အကိုက်အခဲပျောက်ဆေး (NSAID, Non steroidal Anti-inflam-matory Drugs) တွေက ကမ္ဘာပေါ်မှာ အသုံးများတဲ့ဆေးဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် လူဦးရေရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းက အကိုက်အခဲ ပျောက်ဆေးတစ်မျိုးမျိုးကို သောက်သုံးကြပြီး အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြောင့် နှစ်စဉ် လူ ၁၀၀၀၀ ကနေ ၂၀၀၀၀ အထိ သေဆုံးကြရပါတယ်။
အကိုက်အခဲပျောက်ဆေးကို ယေဘုယျအားဖြင့် အုပ်စုနှစ်စုခွဲခြား နိုင်ပါတယ်။ ပထမအုပ်စုကတော့ အရင်က စတင်ထွက်ရှိလာတဲ့ အကိုက်အခဲပျောက်ဆေး (Traditional NSAIDS) တွေဖြစ်တဲ့ နာပလောက်ဆင်(Naproxen)၊ အိုင်ဗျူပလိုဖန် (Ibuprofen)၊ ဒိုင်ကလိုဖန်နေ့(Diclofenac)တို့ဖြစ်ပြီး ဒုတိယအုပ်စုကတော့ နောက်ပိုင်းမှထွက်ပေါ်လာတဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ရွေးချယ်ထား တဲ့ အကိုက်အခဲ ပျောက်ဆေး(Selective COX-2 inhibitors)တွေထဲက ဆီလီကော့ဆစ်(Celecoxib)၊ ဆီလီစတေး(Celestial)၊ ရိုဖီကော့ဇစ်(Rofecoxib)ဆေးတွေဖြစ်ပါတယ်။
အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတာကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေအနေနဲ့ နာကျင် ကိုက်ခဲခြင်း ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ ခွဲစိတ်ပြီးနောက် နာကျင်ခြင်း၊ ကင်ဆာ ရောဂါကြောင့် ကိုက်ခဲနာကျင်ခြင်း စတာတွေကို သက်သာစေပါတယ်။ အဖျားကျစေပါတယ်။ အရောင် ကျစေပါတယ်။ အကိုက်အခဲ ပျောက်ဆေးတချို့က သွေးကျဲစေတဲ့ အာနိသင်ရှိတာကြောင့် အကြော ရောင်တာ၊ အဆစ်အမျက်ရောင်တာ၊ အရိုးနဲ့ကြွက်သားရောဂါ အမျိုးမျိုး၊ ဓမ္မတာလာစဉ်မှာဖြစ်တဲ့ နာကျင် ကိုက်ခဲတာနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတချို့ကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။
အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးမယ်ဆိုရင် ကောင်းကျိုးရနိုင်သလို ဘေးထွက် ဆိုးကျိုးတွေ အနေနဲ့ အစာအိမ်အနာဖြစ်တာ၊ အစာအိမ် သွေးကြောပေါက်တာ၊ အစာအိမ်နဲ့ အူသိမ်ပေါက်တာ၊ အူမကြီး အနာဖြစ်တာ၊ ပေါက်တာ၊ အစာရေမျိုပြွန်ရောင်တာ၊ ကျောက်ကပ်က သွေးရရှိတာနည်းပါးရင် ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်သွေးယိုစိမ့်မှုဖြစ်စေတာ၊ တချို့တွေမှာ ဓာတ်မတည့်တဲ့ လက္ခဏာ တွေခံစားရတာ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ မိခင်သာမက သန္ဓေသားနဲ့ ကလေးငယ်ကို အန္တရာယ်ဖြစ်စေတာ စတဲ့ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
အကိုက်အခဲ ပျောက်ဆေးသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးမဖြစ်စေဖို့ ဆရာဝန်နဲ့မပြသဘဲ မိမိသဘော ဆန္ဒအလျောက် နီးစပ်ရာဆေးဆိုင်တွေမှာ ဝယ်ယူသောက်သုံးတာမျိုး မပြုလုပ်သင့်ပါဘူး။ ငွေကုန်ကြေးကျ သက်သာပေမယ့် ရေရှည်မှာ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။
မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးတွေကို ပဲလှော်ဝါးသလို သောက်နေတာမျိုးလည်း မပြုလုပ် သင့်ပါဘူး။ လိုအပ်သလောက်ကိုသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ရေရှည်စွဲ သောက်တာမျိုးကို ရှောင်သင့်ပါတယ်။ အချိန်တိုတိုနဲ့ဆေးရပ်သင့်ပါတယ်။ အသက်အရွယ် ကြီးသူတွေ အနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတာကို အထူးဂရုပြုသင့်ပါတယ်။ စပ်ဆေးတွေမှာ အထူးသဖြင့် စတီးရွိုက် (steroid) ပါတဲ့ဆေးတွေနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ ပေါင်းစပ်ပြီး သုံးစွဲတာကို ရှောင်သင့်ပါတယ်။ အခန့်မသင့်ရင် အစာအိမ်သွေးယိုစိမ့်မှုဖြစ်တတ်ပါတယ်။
အစာအိမ်သွေးယိုစိမ့်တဲ့ လက္ခဏာတွေက ကော်ဖီရောင်အန်တာ၊ ဝမ်းမည်းသွားတာ၊ ရုတ်တရက် သွေးပေါင် ထိုးကျတာ စတာတွေဖြစ်ပါတယ်။ ချွေးအလွန်ထွက်ပြီး ခြေဖျားလက်ဖျားအေးတာ၊ နှလုံး ခုန်မြန်ပြီး သွေးပေါင်ချိန်ကျတာ၊ သွေးဆိပ်တက်ခြင်းဖြစ်တာ၊ တချို့ ပါရာစီတမော ၁၀ လုံး၊ အလုံး ၂၀ သောက်ပြီး သတိလစ်တာတွေ တွေ့ဖူးပါတယ်။
အကိုက်အခဲပျောက်ဆေးကို ရေရှည်သောက်သုံးဖို့ လိုအပ်သူတွေအနေနဲ့ အစာအိမ်ရောဂါ ရှိ၊ မရှိ ဦးစွာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ အသည်းရောဂါ၊ သွေး ရောဂါရှိသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကိုက်အခဲ ပျောက်ဆေးသောက်သင့်ပါတယ်။ စတီးရွိုက် (steroid) ပါတဲ့ဆေး၊ သွေးကျဲဆေးနဲ့ အကိုက်အခဲပျောက်ဆေး တွဲသောက်နေရသူတွေ အနေနဲ့ ဆရာဝန်ကို အသိပေးပြောပြထားဖို့ လိုအပ်ပါတယ်။
အကိုက်အခဲပျောက်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရပြီး အစာအိမ်သွေးယိုစိမ့်မှု လက္ခဏာ ဖြစ်ပေါ်လာတာကို သိရှိတာနဲ့ ချက်ချင်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက် ပြသ သင့်ပါတယ်။ အစာစားပြီးမှ အကိုက်အခဲပျောက်ဆေးသောက်တာနဲ့ အစာကြေဆေး (Antacid)တွေဖြစ် တဲ့ ဂျဲမက် (Gelmag)၊ ဆိုဒါမင့်(Sodamint) စတာတွေက အကိုက်အခဲ ပျောက်ဆေးကြောင့်ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေကို ကာကွယ်နိုင်ခြင်းမရှိသလို ကုသနိုင်ခြင်းလည်း မရှိပါဘူး။ အစာအိမ် အက်စစ်ထိန်းဆေးတွေကသာ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး တွေကြောင့်ဖြစ်တဲ့ အူသိမ်၊ အူမကြီးဘေးထွက် ဆိုးကျိုးတွေအတွက် တတ်သိနားလည်တဲ့ ဆရာဝန် တွေနဲ့ သီးသန့်တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
အစာအိမ်ရောဂါဆိုတာ အစာအိမ်ကနေ အက်စစ်ဓာတ်အထွက်များတာနဲ့ အဆာခံတာများလို့ဖြစ်တဲ့ အစာအိမ်အနာ၊ အစာအိမ်ရောင်ရမ်းတာတွေ ဖြစ်ပါတယ်။ အစာအိမ်ရောဂါ ခံစားနေရသူတွေက အစာအိမ်နာ သက်သာစေဖို့အတွက် အိုမီပါရာဇော(Omeprazole)၊ လင်ဆိုပါရာဇော (Lansoprazole)၊ အီဆိုပါရာဇော(Esoprazole)၊ ရာဘီပါရာဇော (Rabeprazole) စတဲ့ ပရိုတွန်စုပ်ယူမှု ဆန့်ကျင်ဆေး (Proton pump inhibitors)များ၊ အင်တဆစ် (Antacid)များဖြစ်တဲ့ အင်တဆစ်ပလပ်(Antacid plus)၊ ဂျဲမက် (Gelmeg)၊ ဆိုဒါမင့်(Sodamint)ဆေးများ၊ အိတ်ချ်ပိုင်လိုရီ (H.pylori) ပိုးအတွက် သောက်ရတဲ့ အမောက်ဆလင်(Amoxicillin 500 mg )၊ ရင်နသဒင်း(Ranitidine 150 mg)၊ အင်တဆစ်(Antacid plus)ကို(၂-၄)ပတ်ကြာသောက်ရင် ကောင်းမွန်စေပါတယ်။
အိတ်ခ်ျပိုင်လိုရီ(H.pylori)က ပြန်ပြန်ဖြစ်တတ်လို့ အိတ်ခ်ျပိုင်လိုရီကုသဆေးတွေကို တစ်ပတ်နားပြီး နောက်နှစ်ပတ် ဒါမှမဟုတ် လေးပတ်ဆက်သောက်ဖို့ လိုပါတယ်။ အစာအိမ်ရောဂါ ဆေးကုသမှုခံယူနေ ရသူတွေကတော့ အကိုက်အခဲပျောက်ဆေးကို အလွယ်တကူ သောက်သုံးခြင်း မပြုသင့်ပါဘူး။ အကိုက် အခဲပျောက်ဆေးကို အစာအိမ်ဆေးနဲ့ရောပြီး ဒါမှမဟုတ် အစာတစ်ခုစားပြီး (၅-၁၀) မိနစ်ကြာမှ သောက် သင့်ပါတယ်။ သိပ်ပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကြွက်သားလှုပ်ရှားမှု ပိုများပြီး အက်စစ်ပိုထွက်စေလို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။
အကိုက်အခဲ ပျောက်ဆေးတွေက သောက်ဆေးတွေသာမကဘဲ ထိုးဆေးနဲ့ အကြောထိုးဆေး စတာတွေလည်း ရှိပါတယ်။ ဒါတွေအကုန်လုံးက အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ဆိုးကျိုးတွေ အနည်းနဲ့ အများဆိုသလို ရှိတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်မယ့်အစား ဆေးလိမ်းတာ၊ အပူပေးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ တခြားနည်းလမ်းတွေကိုအသုံးပြုပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာအောင် ပြုလုပ်လို့ရပါတယ်။ အကယ်၍ ဆေးသောက်ရမယ်ဆိုရင်လည်း အစာအိမ်နဲ့ အူလမ်း ကြောင်းအတွက် ဘေးထွက်ဆိုးကျိုး မရှိတာကို ရွေးချယ်သောက်သုံးသင့်ပါကြောင်း အကြံပြု ရေးသား လိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်