မန္တလေး ပဲ နှမ်းဈေးကွက်၌ ပြည်ပပို့ကုန် မတ်ပဲနှင့်နှမ်းနက်များ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာ
မန္တလေး အောက်တိုဘာ ၂၀
မန္တလေးမြို့ရှိ မန္တလေး ပဲ၊ နှမ်းဈေး ကွက်၌ ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန် ပဲ၊ နှမ်းများအနက် မတ်ပဲနှင့်နှမ်းနက်များ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း မန္တလေးမြို့ရှိ ပဲ၊ နှမ်းကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။
ပြည်တွင်းမှထွက်ရှိသည့် ပြည်ပပို့ကုန် ပဲအမျိုးအစားများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ နှင့် ကုလားပဲတို့ကို အိန္ဒိယနိုင်ငံသို့ ရေလမ်းကြောင်းမှ အများဆုံးတင်ပို့နေပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ နှမ်းနက်နှင့်ပဲတီစိမ်းတို့ကို တင်ပို့နေကာ ရေလမ်းကြောင်းမှလည်း တင်ပို့လျက်ရှိကြောင်း၊ စက်တင်ဘာလ က မန္တလေး ပဲ၊ နှမ်းဈေးကွက်၌ ပဲ၊ နှမ်းများ အရောင်းအဝယ်အေးနေပြီး ယခု ရက်ပိုင်းအတွင်း ပြည်ပတင်ပို့သော မတ်ပဲနှင့်နှမ်းနက်များ အရောင်းအဝယ်ပြန်လည် ကောင်းမွန်လာကြောင်း သိရသည်။
"ဈေးကွက်ထဲမှာ အိန္ဒိယပို့ကုန်ပဲတွေထဲက မတ်ပဲအရောင်းအဝယ်ပြန်လည် ကောင်းမွန်လာပါတယ်။ ပစ္စည်းကောင်းရင် ဈေးကောင်းပိုရတယ်။လက်ရှိ တောင်သူတွေလက်ထဲမှာ မတ်ပဲကသိပ်မရှိတော့ဘူး။ ကုန်သည်တွေလက်ထဲမှာပဲ ရှိတာ များတယ်။ မတ်ပဲအသစ်တွေလည်း ပေါ်လာတော့မှာဆိုတော့ ဈေးနှုန်းထပ် ပြီးတက်ဖို့မရှိနိုင်တော့ဘူး"ဟု မန္တလေးမြို့မှ နုနုသင်းပွဲရုံပိုင်ရှင် ဒေါ်နုနုသင်းက ပြောသည်။
ထို့အတူ တရုတ်နိုင်ငံကလည်း ပြည်တွင်းမှထွက်ရှိသော ပဲ၊ နှမ်းများ အနက် နှမ်းနက်ကို အဓိကထားဝယ်ယူလာသောကြောင့် ယခင်နှစ်များကထက် အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။
လက်ရှိတွင် မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်းသို့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ မကွေး၊ နတ်မောက်၊ အောင်လံနှင့် ရွှေဘို စသည့်ဒေသတို့မှ နှမ်းနက်များ ဝင်ရောက်နေပြီး ယင်းတို့အနက် မကွေး၊ နတ်မောက်နှင့် အောင်လံဘက်မှထွက်ရှိသော နှမ်းနက်သည် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ထို့ပြင် ယခုရက်ပိုင်းတွင် မန္တလေး ပဲ၊ နှမ်းဈေးကွက်၌ ပြည်တွင်းစားသုံးမှုကြောင့် မြေပဲဆန်နှင့် ရှမ်းပဲပုပ်များလည်း အရောင်း အဝယ် ကောင်းမွန်လျက် ရှိကြောင်း သိရသည်။