ရွှေပိတောက်ငါးဈေး၌ ရေချိုထွက်ကုန်များနှင့် ရေငန်ထွက်ကုန်များ ပုံမှန်ဝင်ရောက်နေပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

ရွှေပိတောက်ငါးဈေး၌ ရေချိုထွက်ကုန်များနှင့် ရေငန်ထွက်ကုန်များ ပုံမှန်ဝင်ရောက်နေပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

ရန်ကုန် အောက်တိုဘာ ၂၀

    ရန်ကုန်တိုင်းဒေသကြီး    လှိုင်မြို့နယ်ရှိ   ရွှေပိတောက်ငါးဈေးသို့    ရေချိုထွက်ကုန်များနှင့်  ရေငန်ထွက်ကုန်များ ပုံမှန်ဝင်ရောက်နေပြီး  အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း ရွှေပိတောက်ငါးဈေးမှ  ဈေးတာ၀န်ခံ ဦးသန်းနိုင်၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ     ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာ၀တီတိုင်း ဒေသကြီးနှင့်    ပဲခူးတိုင်းဒေသကြီးတို့မှ ထွက်ရှိသော မွေးမြူရေးနှင့် သဘာ၀ ရေချိုထွက်ကုန်   အမျိုးအစားပေါင်း ၃၀ ကျော်နှင့်   မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရ ရှိသော  ငါးအမျိုးအစားပေါင်း ၁၀၀ ခန့် နေ့စဉ်ပုံမှန်၀င်ရောက်ကာ      အရောင်း အ၀ယ်ကောင်းမွန်လျက်ရှိသည်။

"ရွှေပိတောက်ငါးဈေးကို ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာ၀တီတိုင်းဒေသကြီး တို့မှာရှိတဲ့  မွေးမြူရေးကန်တွေကနေထွက်ရှိတဲ့   ငါးမြစ်ချင်း၊  ငါးတန်၊  ငါးခူ၊   ငါးကျည်း၊ ငါးကြင်း စတဲ့ငါးတွေအပါအ၀င် ရေချိုငါးအများအပြား နေ့စဉ်ပုံမှန်၀င်ရောက်နေပါ တယ်။  ဒါ့ပြင် ပင်လယ်ကထွက်ရှိတဲ့ ငါးပုဏ္ဏား၊  ငါးပုတ်သင်၊    ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်၊   ရွှေငါး၊  မျက်ကျယ်ငါး စတဲ့ငါးတွေအပါအ၀င် ရေငန်ငါးအမျိုးအစား   တော်တော် များများ လည်း ၀င်ရောက်နေပါတယ်" ဟု     ဦးသန်းနိုင်က ပြောသည်။

လက်ရှိတွင်  ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ကုန်ပိဿာ သုံးသိန်းခန့်၀င်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  စားသုံးသူများ အတွက်     လုံလောက်မှုရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့်     နီးစပ်ရာ ဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။  အဆိုပါ   ရွှေပိတောက် ငါးဈေးတွင်    ဈေးရုံပေါင်း   ရှစ်ရုံရှိပြီး မှတ်ပုံတင်ဆိုင်ခန်းပေါင်း   ၄၅၀  နီးပါးနှင့်    ပျံကျဆိုင်ခန်းပေါင်း   ၁၉၀ ခန့်ဖွင့်လှစ်ထားကာ အထူးသဖြင့် ရေထွက်ကုန်များကို လက်ကား၀ယ်ယူလိုသူများအားထားနေရသော ငါးဈေးကြီးတစ်ခုဖြစ်သည်။

ထို့ပြင် အဆိုပါဈေးလုံခြုံရေး အတွက်ကိုလည်း   လုံခြုံရေးကင်မရာ ၁၄၀ ခန့် တပ်ဆင်ထားကာ တာ၀န်ရှိသူများက  ၂၄  နာရီ   စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။          

Dates: 
Monday, October 21, 2024 - 07:09