ကျောက်ထုမြို့၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးရန် မြေလွတ်မြေရိုင်းများ ဖော်ထုတ်

ကျောက်ထု၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့တွင် ယောချောင်း၊ ချီချောင်း၊ ကြီးချောင်း၊ ပင်တောင်ချောင်းများ ဖြတ်သန်းစီးဆင်းလျက်ရှိရာ ယခုအချိန်တွင် ချောင်းရေများ လျော့နည်းနေချိန်ဖြစ်သည့်အတွက် ချောင်းများ ၏ တစ်ဖက်တစ်ချက်နေရာများ၌ မြေလွတ်မြေရိုင်းများဖော်ထုတ်ပြီး ဟင်းသီးဟင်းရွက်နှင့် သီးနှံများ စိုက်ပျိုး ရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေလွတ်မြေရိုင်းများအား ဖော်ထုတ်ရာတွင် ယခင်က လူငှားဖြင့် ဆောင်ရွက်ကြသော်လည်း ယခု အခါတွင် ထွန်စက်နှင့် မြေညှိစက်များအား ငှားရမ်းဆောင်ရွက်ကြကြောင်း၊ စက်ငှားရမ်းခအတွက် တစ်နာရီ ငွေကျပ် ၂၀၀၀၀ နှုန်းပေးရသော်လည်း တွင်ကျယ်မှုလျင်မြန်ကြောင်း၊ မြေညှိပြီးသော မြေများတွင် နွားချေးနှင့် သဘာဝမြေသြဇာများ ထည့်သွင်း၍ မြေပြင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးက ပြော သည်။

ထိုသို့ဖော်ထုတ်ပြီးသော မြေကွက်များတွင် ကြက်သွန်နီ၊ မေမြို့ပန်း၊ မုန်ညင်း၊ ခရမ်းနှင့် ငရုတ်သီးနှံများ စိုက်ပျိုးကြမည်ဖြစ်သည်။ ထွက်ရှိသော သီးနှံများအားကျောက်ထုမြို့ ဈေးကွက်အပြင် ချင်းပြည်နယ် မင်းတပ်မြို့နှင့် မတူပီမြို့တို့သို့ပါ တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း