နိုင်ငံ့စီးပွားမြင့်မားသည်ထက် မြင့်မားရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံ၏အဓိက ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအဖြစ် အားပေးဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် တန်းတူတိုးတက်မှု ရှိစေရေးမှသည် ပိုမိုတိုးတက်သည့် နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းသည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ လုပ်နိုင်လျှင်လုပ်နိုင်သလောက် အကျိုးများသည့် ကုန်ထုတ်လုပ်ငန်းများဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်က ရည်မှန်းသတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးရေးမှသည် မိမိနိုင်ငံဖွံ့ဖြိုးရေးသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ လုပ်ငန်းတစ်ခု အောင်မြင်မှုရှိစေရေးကို လုပ်ငန်းဆောင်ရွက်နေသူ အသိုင်းအဝိုင်းတစ်ခုလုံးက ကြိုးပမ်းကြရမည်ဖြစ်သည်။ လုပ်ငန်းများ ပိုမိုအောင်မြင်မှုရလာလေ လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလေလေဖြစ်ပေမည်။ မိမိတို့ဒေသများတွင် စိုက်ပျိုးရေး လုပ်ငန်းများအနေဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၁ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/ ၂ဝ၂၄)တွင် အမှာစကား ပြောကြားစဉ် ‘‘တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများ စိုက်ပျိုး၍ စံနမူနာပြဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုး ထုတ်လုပ်နိုင်မည်ဆိုပါက ၎င်းနှင့်ဆက်စပ်သည့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးအား တိုးတက်လာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေချိုပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေရာ ရေကိုအကျိုးရှိစွာ အသုံးပြုကြရမည်ဖြစ်သည်။ ထို့အတူ မြေကိုလည်း စနစ်တကျပြုပြင် ဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို သမားရိုးကျ လုပ်ဆောင်နေခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နေကြသည့် ပြည်ပနိုင်ငံများ၏ နည်းစနစ်များကို လေ့လာအတုယူ ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံ့စီးပွားတိုးတက် ဖွံ့ဖြိုးရေးတွင် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးသည်လည်း အဓိကကဏ္ဍဖြစ်သည်။
ပြည်ပပို့ကုန်တိုးမြှင့်နိုင်စေရေး အသီးအနှံများ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရန် အားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိသည့် အခြေခံကောင်းများကို ကောင်းစွာ အသုံးချနိုင်ခြင်းသည် နိုင်ငံ၏အားပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်များနှင့် ပို့ကုန်များ တိုးမြှင့်လာအောင် ဆောင်ရွက်ကာ ကမ္ဘာပေါ်တွင်စားရေရိက္ခာကို ထုတ်လုပ်သည့်နိုင်ငံ တစ်ခုအဖြစ် ဂုဏ်ယူနိုင်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများနည်းတူ မွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် မွေးမြူနိုင်ရမည်ဖြစ်သည်။ မွေးမြူရေး လုပ်ငန်းများကို ဒေသန္တရမွေးမြူခြင်းထက် လှောင်၍မွေးမြူပြီး ဆောင်ရွက်သွားမည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စီးပွားရေး ဦးတည်ချက်များကို ချမှတ်ရာတွင် ‘‘တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး’’ ကို ပထမဦးဆုံး ဦးတည်ချက်အဖြစ် သတ်မှတ်ထားသည်။ စားရေရိက္ခာဖူလုံမှုသည် တိုင်းပြည်သာယာဝပြောရေးကို အဓိကအထောက်အကူပြုသည်။ နိုင်ငံ၏အဓိက စီးပွားရေးမှာလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းဖြစ်သည်။
အဆိုပါလုပ်ငန်းများ အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံ သင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာခြင်းနှင့်အတူ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည်လည်း ပိုမိုလည်ပတ်လာနိုင်မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက် သွားမည်ဆိုပါက စားသောက်ကုန်များ များစွာ ထုတ်လုပ်နိုင်သည့် နိုင်ငံတစ်ခုဖြစ်လာပေမည်။ အနှစ်ချုပ်ဆိုရသော် တိုင်းပြည်၏ အခြေခံအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးပြုကာ နိုင်ငံ့စီးပွားမြင့်မားသည်ထက် မြင့်မားအောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။