နိုင်ငံတော်နှင့်လူငယ်တို့၏ အနာဂတ် သာယာလှပရေး

နိုင်ငံတော်နှင့်လူငယ်တို့၏ အနာဂတ် သာယာလှပရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ   ၂၇  ရက်)

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃ဝ ကျော်နေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် တိုင်းရင်းသားတိုင်း  အလေးအနက်ထားလုပ်ဆောင် ရမည့်ကိစ္စရပ်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိနေမှသာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို  ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကိုလိုနီခေတ်တစ်လျှောက်လုံး သွေးခွဲ အုပ်ချုပ်ခြင်းခံရသည့် ဒဏ်ရာသည် ယနေ့တိုင် အကင်းမသေသေးသည့် အခြေအနေဖြစ်သည်။ ယနေ့တိုင်လည်း ပြည်ပကသွေးထိုး နှောင့်ယှက်မှုများရှိနေပြီး မြန်မာတို့၏ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဖြိုခွဲလျက်ရှိသည်။

လူသားတို့ဘဝတွင် လူငယ်ဘဝသည် အရေးကြီးဆုံး ဖြစ်သည်။ လူငယ်ဘဝကတည်းက နိုင်ငံကို ချစ်မြတ်နိုးစိတ်၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုစိတ်တို့ ရှိနေရမည် ဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ လွှမ်းခြုံထားရမည်ဖြစ်သည်။ ပြည်ထောင်စု စိတ်ဓာတ်ရှိသည့် လူငယ်မောင်မယ်များသည် လူကြီးအရွယ်ရောက်သည့်အခါ နိုင်ငံတော်၏ အနာဂတ်ကိုလှပအောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ် အရင်းအမြစ်များပေါများခြင်းပင် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင် ရွက်နေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၆)မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်  "ပြည်ထောင်စုနိုင်ငံတွင် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် အလွန်အရေးကြီးကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးသည် "တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တို့အားလုံးသည် သွေးချင်းညီအစ်ကိုများဖြစ်ပြီး အရေးကြီး ရင်သွေးနီးကြရမည်" ဆိုသည့်စိတ်၊ "တောင်ပေါ်မြေပြန့်မခွဲခြား တို့အားလုံးသည် သားချင်းများ ဖြစ်ကြပြီး နိုင်ငံတော်ကို ပူးပေါင်းကာကွယ် စောင့်ရှောက်ကြရမည် " ဆိုသည့်စိတ်၊ "မရှိအတူ  ရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် မိသားစုများ" ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

 ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ်  အဆင့်တိုးမြှင့်ပေးခဲ့သည်။  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများအတွက် မရှိမဖြစ်သော တက္ကသိုလ်ဖြစ်သည်။  အဆိုပါ တက္ကသိုလ် အနေဖြင့် လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့သည့် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ပေါင်းမှာ ၁၄၂၈၈ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

 ယနေ့လူငယ်များအား အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အချင်း ပြည့်ဝသည့်လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ ၏ သင်ကြားပြသမှု၊ သွန်သင်ဆုံးမမှု ကောင်းမွန်ခြင်းအပေါ်တွင် မူတည်လျက်ရှိသည်။ စာသင်ကျောင်း ဆိုသည်မှာ စာပေသင်ကြားပေးသည့်နေရာ သက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြား သုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့် နေရာမျိုးဖြစ် ရပေမည်။  

“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မိမိတို့၏တပည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစည်းကမ်းလိုက်နာခြင်းက အစပြုပြီး  ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို  လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာကြစေရန် ဆရာ၊ ဆရာမများက မိမိတို့ကိုယ်တိုင် လေ့လာတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် လေ့ကျင့်ပေး သွားကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းဆင်းများအနေဖြင့် လူငယ်များ၏ အနာဂတ်၊ နိုင်ငံတော်၏ အနာဂတ်လှပ သာယာရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရ ပေသည်။  ။    

Dates: 
Sunday, October 27, 2024 - 07:15