အနာဂတ်သာယာလှပဖို့ မူးယစ်ဆေးဝါး တိုက်ဖျက်စို့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံ၏ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးတွင်ဘက်စုံပညာရေး စနစ်ဖြင့် အကောင်အထည်ဖော်ပေးလျက် ရှိသကဲ့သို့ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများ အပြင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ် များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေးတို့ကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်မှန်သမျှမှာ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများဖြစ်သည့်အတွက် ၎င်းတို့၏အနာဂတ် သာယာလှပရေးကို အစွမ်းကုန် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်တို့၏ အနာဂတ်အတွက် အကောင်းမွန်ဆုံး လုပ်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်မောင်မယ်တို့၏ အနာဂတ်ကို ယိမ်းယိုင်ပျက်စီးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်း အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တားဆီးကာကွယ် ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးများ၏ အန္တရာယ်သည် အလွန်ပင်ကြောက်မက်ဖွယ် ကောင်းလှသည်။ မျိုးဆက်သစ်လူငယ်များကို ဦးတည်ဖြန့်ဝေ ရောင်းချနေသည့်အတွက် တိုင်းပြည်၏အနာဂတ်ကို ဖျက်ဆီးနေခြင်းလည်းဖြစ်သည်။
အမြော်အမြင်နည်းပါးသူတို့က တစ်ခဏတာ ပျော်ရွှင်မှုအတွက် စိတ်ကြွရူးသွပ်ဆေးကိုသုံးစွဲကြသည်။ ခဏတာပျော်ရွှင်မှုဟု ဆိုနိုင်သော်လည်း သုံးစွဲသူများကိုယ်တိုင်မှာ အလုပ်လုပ်ကိုင်နိုင်စွမ်း ကျဆင်းသွားရုံသာမက အသက်ပါဆုံးရှုံးသွားနိုင်သည့် အခြေအနေဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာကြံ့ခိုင်သူ၊ အသက်ရှည်ရှည်နေရသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရဘဲ မူးယစ်ဆေးဝါးကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးသူများကိုသာ တွေ့မြင်ရသည်။ မူးယစ်ဆေးဝါးကို စတင်သုံးစွဲသည်နှင့် ကျန်းမာရေး ချို့ယွင်းလာကာ သုံးစွဲသူ၏ကျောက်ကပ်ကို ဦးစွာအန္တရာယ်ပေးသည်။ ထို့နောက် ဦးနှောက်နှင့် အခြားသောကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ဆက်လက်၍ ပျက်စီးစေသည်။ မည်သည့်မူးယစ်ဆေးဝါးမဆို စွဲလမ်းစေသည့် အာနိသင်ပါရှိပြီးဖြစ်သည့်အတွက် တစ်ကြိမ်တစ်ခါမျှ စမ်းသပ်သုံးစွဲခြင်း မပြုမိစေရန် အရေးကြီးလှသည်။
မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်ထုံထိုင်း မူးယစ်စေပြီး ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေသည်။ ဆေးဝါးအပေါ်စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေပြီး မသုံးစွဲ ရလျှင် မနေနိုင်အောင်ဖြစ်စေသော ဆေးဝါးများကိုခေါ်ပါသည်။ မူးယစ်ဆေးဝါးကို အုပ်စုကြီး သုံးမျိုးခွဲပါက သဘာဝအလျောက် ဖြစ်ပေါ်သည့် မူးယစ်ဆေးဝါး(ဘိန်း၊ ဆေးခြောက်)၊ တစ်စိတ်တစ်ပိုင်း ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသည့် ဆေးဝါး(ဘိန်းဖြူ)နှင့် ဓာတ်ပြုပစ္စည်းဖြင့် ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသော မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေး၊ စိတ်ပြောင်းဆေး) ဟူ၍ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အချိန်ပြည့်ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်း ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာ၌ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တုံ့ပြန်ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ အထောက်အကူပြုမှုနှင့် သတင်းအချက်အလက်များ မျှဝေမှု စသည်တို့ အားကောင်းရန်လိုအပ်သည်။
ပူးပေါင်းဆောင်ရွက်မှုများသည် ဥပဒေစိုးမိုးမှု ကိစ္စရပ်များသာမက နယ်စပ်ဒေသ စီမံခန့်ခွဲမှုကိစ္စများ ပါဝင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပသည့် နှစ်(၆ဝ)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ‘‘ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှု ရယူဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ၅ နိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices-BLOs)ကွန်ရက်စနစ် တည်ထောင်ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်မျှဝေ ဖလှယ်နိုင်ရေးအတွက် BLO အစည်းအဝေးများကိုလည်း အခါအားလျော်စွာ စဉ်ဆက်မပြတ် ကျင်းပပြုလုပ် ဆောင်ရွက်သွားကြရန်’’ ထည့်သွင်းမှာကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အတွင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး "Operation 39/24(2024)" ကိုဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုအနေဖြင့် အမှုပေါင်း ၃၈၃၂ မှု၊ တရားခံ ၅၂၈၆ ဦး စုစုပေါင်း တန်ဖိုးငွေ ကျပ်ဘီလီယံ ၇၅ဝ ကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ် တို့၏ အနာဂတ်သာယာ လှပရေးအတွက် ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းများကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။