မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ်၌ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၇

မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၁၅ ရက်က မိုင်းရယ်ဘက်မှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသည့်

မော်တော်ယာဉ်ကိုရှာဖွေရာ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြိုတင်သတင်းအရ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီတွင် မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ် တွင်  မိုင်းရယ်ဘက်မှ  မိုးကုတ်ဘက်သို့ ဆန်းကျော်ဦး မောင်းနှင်လာသည့် ISUZU ခြောက်ဘီးမော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး     ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ ၂၇ ဒသမ ၃၅ ကီလို   သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် ယာဉ်မောင်းအား စစ်ဆေးရာ  သိမ်းဆည်းရမိသော ဘိန်းဖြူများကို မိုင်းရယ်မှ မိုးကုတ်သို့ သယ်ဆောင်ရာတွင် တာဝန်ခံ သယ်ဆောင်လာသည့် ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူလိုက်ပါလာသည့် ADVAN အမျိုးအစား မော်တော်ယာဉ်ဖြင့် ရှေ့မှမောင်းနှင်သွားကြောင်း သိရသဖြင့်    ဆက်လက်စိစစ်ရာ ည ၆ နာရီခန့်တွင် မိုးကုတ်မြို့   ကင်းချောင်းရေတံခွန်ရှေ့၌  ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆန်းကျော်ဦး ၄၆ နှစ်၊ ဆန်းမင်းနိုင် ၂၆ နှစ်၊ စိုင်းမင်းသူ  ၃၁ နှစ်တို့ကို ဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိကြောင်းနှင့် စိုင်းမင်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၌ ဇွန် ၁၃ ရက်က စိတ်ကြွဆေးပြား ၂၁၂၀၀၀ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၂ ကီလိုဖမ်းဆီးရမိ သည့်အမှုတွင်  ၎င်းမူးယစ်ဆေးဝါးများ သယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။                       

ရဲပြန်ကြား