စစ်ကိုင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးချိန်တွင် ဝါသီးနှံဧက ၁၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့
စစ်ကိုင်း အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးချိန်တွင် ဝါသီးနှံဧက ၁၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းမြို့နယ်၌ ဝါသီးနှံကို ယခုနှစ်ဇွန်လမှစတင်၍ စက်တင်ဘာလအထိ ဧက ၁၅၆၃၀ စိုက်ပျိုးနိုင်ခဲ့သည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးချိန် စစ်ကိုင်းမြို့နယ်မှာ ဧက ၁၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့တာပါ။
ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာမှာ သီးနှံမျိုးကောင်းမျိုးသန့်တွေ တောင်သူများလွယ်ကူစွာ စိုက်ပျိုးရာသီအမီ စိုက်ပျိုးသွားနိုင်ဖို့ ဝါမျိုးစေ့တွေ ထောက်ပံ့ပေးနေတယ်” ဟု စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဦးက ပြောသည်။
ယခုနှစ် စစ်ကိုင်းမြို့နယ်၌ ဝါသီးနှံစိုက်ပျိုး တောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဝါမျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ ဝါသီးနှံဖြစ်ထွန်း အောင်မြင်စေရန် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရန် စိုက်နည်းစနစ် မှန်ကန်စေရေးတို့ကို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးပြီး ဝါစိုက်တောင်သူလိုအပ်သည့် နည်းပညာများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဝါသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘိုနှင့် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ် ၁၉ မြို့နယ်တွင် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်း သိရသည်။