ကြိုတင်ကာကွယ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်

 

ကြိုတင်ကာကွယ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ   ၂၉  ရက်)

    သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ရှောင်လွှဲ၍မရနိုင်သော်လည်း ကြိုတင်ပြင်ဆင် ကာကွယ်မှုများကိုအစိုးရ၊ ပြည်သူလက်တွဲညီစွာ ဆောင်ရွက်နိုင်ပါသည်။ ကမ္ဘာကြီးတွင် လူဦးရေတိုးပွား များပြားလာမှုနှင့်အတူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများချဲ့ထွင်လာမှု၊ ကမ္ဘာ့အပူချိန်မြင့်မားလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ သစ်ပင်သစ်တောများ ပြုန်းတီးလာမှု စသည့်များပြားသော အခြေခံအကြောင်းများကြောင့် သဘာဝဘေးအန္တရာယ်များသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ပွားလာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ဆိုးကျိုးသက်ရောက်မှုသည်လည်း ပိုမိုပြင်းထန်လာသည်ကို တွေ့မြင်နေကြရသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် အဓိကအရေးပါသည့် သစ်ပင်သစ်တောပြုန်းတီးမှုကို ကြည့်မည်ဆိုပါက ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ၁ဝ နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှအားဖြင့် တစ်နှစ်ကို သစ်ပင် ၁ဝ သန်းကျော်ပြုန်းတီးနေသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ သစ်ပင်များပြုန်းတီးမှုကြောင့် ကမ္ဘာ့အပူချိန်များမြင့်တက်ခဲ့သည်။ တစ်ကမ္ဘာလုံး အနေဖြင့် ၂ဝ၂၃ ခုနှစ်အပူချိန်သည်(၁၈၅ဝ-၁၉ဝဝ) ပြည့်နှစ်များကာလ စက်မှုခေတ် မတိုင်မီကထက် ၁ ဒသမ ၄၅ ဒီဂရီဆဲလ်စီးယပ် အထက်ပိုမိုမြင့်တက်ခဲ့သည်။ စစ်တမ်းများအရ ၂ဝ၂၃ ခုနှစ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၇၄ နှစ်အတွင်း ကမ္ဘာ့အပူဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ များပြားလာသကဲ့သို့ ကမ္ဘာ့နိုင်ငံများ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေကိုလည်း ဆန်းစစ်လေ့လာမှုများပြုလုပ်လာကြသည်။ ၂ဝ၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်း (World Risk Index 2023) တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်မှု ပြုထားပြီး ဖိလစ်ပိုင်နိုင်ငံကညွှန်းကိန်း ၄၆ ဒသမ ၈၊ အင်ဒိုနီးရှားနိုင်ငံက ညွှန်းကိန်း ၄၃ ဒသမ ၅ဝ၊ အိန္ဒိယနိုင်ငံက ညွှန်းကိန်း ၄၁ ဒသမ ၅၂ နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်းအမြင့်ဆုံးနိုင်ငံများအဖြစ် တွေ့ရပြီး မြန်မာနိုင်ငံက ညွှန်းကိန်း ၃၆ ဒသမ ၂၆ နှင့်အဆင့် ၆ နေရာတွင်ရှိကြောင်း ဖော်ပြထားသည်။

၂ဝ၂၄ ခုနှစ်တွင် ပါကစ္စတန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် အာရှတိုက်နိုင်ငံများသာမက ဥရောပ နိုင်ငံများမှာပါဖြစ်ပွားခဲ့သည့် များပြားပြင်းထန်လှသည့်ရေကြီး၊ ရေလျှံမှုဖြစ်စဉ်များကို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၏ပြယုဂ်အဖြစ် တွေ့မြင်ကြရသည်။ ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှုများပြားပြီး ထိခိုက်ပျက်စီးမှုကြီးမားသည့် သဘာဝဘေးအန္တရာယ်ပေါင်း ၃၉၉ ကြိမ်ဖြစ်ပွားခဲ့ကာ လူပေါင်း ၈၆၄၇၃ ဦးသေဆုံးခဲ့သည်။ ဘေးသင့်လူဦးရေ ၉၃ ဒသမ ၁ သန်းထိရှိခဲ့ပြီး စီးပွားရေးဆုံးရှုံးမှု အနေဖြင့်အမေရိကန်ဒေါ်လာ ၂ဝ၂ ဒသမ ၇ ဘီလီယံရှိခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာပေါ်တွင်  သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံး ခံရသည့်နိုင်ငံများသည် အာဖရိကနိုင်ငံများဖြစ်ပြီး ကမ္ဘာ့တိုက်ကြီးများထဲတွင် အမေရိကတိုက်သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် အာရှတိုက်၊ အာဖရိကတိုက်၊ သမုဒ္ဒရာဒေသတွင်း နိုင်ငံများနှင့် ဥရောပတိုက်တို့က အစဉ်လိုက်ရှိနေသည်ဟု (World Risk Report 2023 )အရသိရှိရသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကြောင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေး စသည်များဖြစ်ပွား ခံစားနေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကိုခံစားခဲ့ရသည်။ ကြိုတင်ပြင်ဆင်မှုအားကောင်းခဲ့၍ လူသေဆုံးထိခိုက်မှု သည် ၂ဝဝ၈ ခုနှစ်က နာဂစ်မုန်တိုင်းနှင့်နှိုင်းယှဉ်ပါက အလွန်လျော့နည်းခဲ့သည်။ မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးကိုလည်း အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အောက်တိုဘာလ ၁၃ ရက်ကကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားတွင် အမှာစကားပြောကြားစဉ် “သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝအရ လုံးဝမဖြစ်အောင် ကာကွယ်တားဆီး၍ မရနိုင်ခြင်းကြောင့် ဖြစ်ပွားလာသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုလျော့နည်းအောင် စီမံဆောင်ရွက်ကြရကြောင်း၊ ထိုသို့စီမံဆောင်ရွက်သည့် နေရာတွင်လည်း ကဏ္ဍတိုင်းတွင် ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်ဆုံးရှုံးမှုများကို မြော်တွေးပြီး ကြိုတင်စီမံ ကာကွယ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့်လည်း နိုင်ငံတကာ Disaster နှင့်ပတ်သက်ပြီး များစွာအတွေ့အကြုံရှိခဲ့သည့်  ပြည်တွင်းပညာရှင်ကြီးများ ဦးစီးပြီး ဘေးအန္တရာယ်ပြမြေပုံ (Hazard Map)နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြ မြေပုံ (Risk Map) ရေးဆွဲပြုစုရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်သည် နေရာအချိန်မရွေး ဖြစ်ပွားတတ်ခြင်းကြောင့် တွေ့ကြုံရင်ဆိုင်ကြရသည့် အခါ လိုက်နာရမည့်လုပ်ငန်းစဉ်များ၊ ရှောင်ကြဉ်ရမည့် အချက်များကိုသိရှိပြီး အတိအကျ လိုက်နာဆောင်ရွက်ကြရန် အတွက်  နိုင်ငံတော်အစိုးရက ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်သလို ပြည်သူတိုင်းကလည်း ကြိုတင်ကာကွယ်မှုဆိုင်ရာ အသိ သတိများဖြင့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။

Dates: 
Tuesday, October 29, 2024 - 03:25