ပူးပေါင်းဆောင်ရွက်မှုမှသည် အောင်မြင်မှုဆီသို့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်)
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအပြင် ဆွေးနွေးဖက်နိုင်ငံနှင့် အဖွဲ့အစည်းများဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ ပြည်ပြည်ဆိုင်ရာရဲအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဖက်နိုင်ငံနှင့် အဖွဲ့အစည်းများဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံတွင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်သော မူးယစ်ဆေးဝါးမှောင်ခိုမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်ဆိုင်ရာပြစ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာ လိမ်လည်မှု၊ စီးပွားရေးဆိုင်ရာမှုခင်း၊ ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ခရီးသွားစာရွက်စာတမ်း အတုပြုလုပ်မှုနှင့် နိုင်ငံဖြတ်ကျော် လိမ်လည်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်အဖွဲ့ဝင်နိုင်ငံများအကြား အီလက်ထရောနစ်စနစ် အသုံးပြုရေး၊ မှုခင်းဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့များအကြား အပြန်အလှန်လေ့ကျင့် သင်တန်းပေးရေးနှင့် အာဆီယံရဲအဖွဲ့မှုခင်း သိပ္ပံကွန်ရက် တည်ထောင်ရေး စသည့် အကြောင်းအရာ လေးရပ်ကိုဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံ ရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်း ဆက်စကားပြောကြားရာ၌ ‘‘ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့် အရေးကြီးကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်း တိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော် မှုခင်းများကို အတူ တကွပူးပေါင်း တိုက်ဖျက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများ မှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများဆောင်ရွက်ခြင်းများကိုထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်မည် ဖြစ်ကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ၁၉၉၈ ခုနှစ် မေလ၂၅ ရက်နေ့တွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံဖြစ်လာပြီးနောက် ၂ နှစ်အကြာ ၂ဝဝဝ ပြည့်နှစ်တွင် အကြိမ်(၂ဝ)မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကိုမြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ် (ယခုရန်ကုန်ရှန်ဂရီလာဟိုတယ်)၌ ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် နေပြည်တော်သင်္ဂဟဟိုတယ်၌ ဒုတိယအကြိမ် လက်ခံကျင်းပခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်(၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို တတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ညီလာခံ၏ဆောင်ပုဒ်မှာ ‘‘နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ဖို့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာအားကောင်းရေး ဆောင်ရွက်စို့’’ ဟူ၍ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်း တာဝန်များကို ထူးချွန်စွာဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဂုဏ်သိက္ခာမြင့်မားပြီး ပြည်သူကလေးစား အားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖြတ်ကျော် မှုခင်းများကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှုရရှိရေးသည် အဓိကဖြစ်သည်။ သတင်းလက်ဦးမှု ရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်မှုကြောင့် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄၄၃၃ ဦးတို့ကို လုပ်ထုံးလုပ်နည်းနှင့် ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်(၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို လက်ခံကျင်းပနိုင်ခဲ့ခြင်းမှာ ဂုဏ်ယူဖွယ်ကောင်းသည့်ဆောင်ရွက်ချက်ဖြစ်သကဲ့သို့ ရဲအဖွဲ့အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီး၊ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် အခြားသောပြစ်မှုများ ကျူးလွန်နေသူများကို ပိုမိုပူးပေါင်းဖော်ထုတ် ဖမ်းဆီးနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပူးပေါင်းဆောင်ရွက်မှုများမှသည် အောင်မြင်မှုများဆီသို့ ပိုမိုရောက်ရှိလာမည်ဟု ယုံကြည်မိပါကြောင်း ရေးသား လိုက်ရပေသည်။ ။