မြန်မာနိုင်ငံတွင် ပထမဦးဆုံး ခရီးစဉ်အဖြစ် ရန်ကုန်-ဘားအံ-ကျိုက်ထီးရိုး- ရန်ကုန်ခရီးစဉ်အား အနိမ့်ပျံ အပျော်စီး လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲမည်

ရန်ကုန်  ဒီဇင်ဘာ  ၁၇

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ခရီးစဉ် အဖြစ် ရန်ကုန်- ဘားအံ- ကျိုက်ထီးရိုး- ရန်ကုန်ခရီးစဉ် (Non Landing Sightseeing Flight Tour )အား  အနိမ့်ပျံ အပျော်စီး လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''ဝေဟင်အမြင့်ကနေ ရှုမျှော်ခင်းတွေကို ကြည့်ရှုနိုင်မယ့် ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ဘားအံမြို့တို့ရဲ့ မြို့အလှတွေနဲ့  ရှုမျှော်ခင်းတွေကို  ကြည့်ရှုနိုင်မှာဖြစ်ပြီး ကျိုက်ထီးရိုးဘုရားကြီးကိုလည်း  အနိမ့်ပျံသန်းမှုနဲ့ ဖူးမြော်နိုင် မှာဖြစ်ပါတယ်။ ဒီလိုခရီးစဉ်မျိုးဟာလည်း မြန်မာနိုင်ငံမှာ ပထမဦးဆုံးခရီးစဉ် တစ်ခုဖြစ်ပါတယ်။ ပုံမှန် လေယာဉ်တွေကတော့ သတ်မှတ်တဲ့အမြင့် ပေရောက်အောင် သတ်မှတ်တဲ့အမြန်နှုန်းနဲ့ သွားတာပါ။ အခုခရီးစဉ်ကတော့ ရှုခင်း တွေကြည့်လို့ ကောင်းတဲ့ အမြင့်ကနေ သင့် တော်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းပေးမှာဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

အဆိုပါခရီးစဉ်အား ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉နာရီတွင် မြန်မာ အမျိုးသားလေကြောင်းမှ ATR-72 လေယာဉ် ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ပျံသန်း ပြေးဆွဲမည်ဖြစ်ပြီး ကြာမြင့်ချိန် စုစုပေါင်း တစ်နာရီ ခွဲကြာ မြင့်မည်ဖြစ်ကာ နံနက် ၁ဝနာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ဆင်းသက် မည်ဖြစ် သည်။

 ''အမှန်အတိုင်းပြောရရင် ဒီလိုအခွင့်အရေးမျိုးက  အင်မတန်မှနည်းပါတယ်။လေယာဉ်က အနိမ့်ကိုမပျံပါဘူး။ လေ ကြောင်း ပျံသန်းတဲ့ သတ်မှတ်ချက်တွေက ကျွန်တော်တို့ အနိမ့်ပျံဖို့အတွက်ကို  လေ ကြောင်းပို့ဆောင်ရေး ဦးစီး ဌာနတို့ ဘာတို့နဲ့ အသေးစိတ်ညှိနှိုင်းရပါတယ်။ အနိမ့်ပျံဖို့အတွက် ဒီလေပျံတွေကို ခွင့်ပြုပေးရတယ်။ လေကြောင်း ကင်းရှင်းမှုတွေ လုပ်ပေးရတယ်။

ဒါတွေကကြိုတင်ပြီး ညှိနှိုင်းမှ ဆောင်ရွက်လို့ရတာပါ၊ ပုံမှန်အတိုင်း ဆိုရင် လေယာဉ်ပျံတွေက ပေ ၁၉ဝဝဝ  လောက်၊ ၂ဝဝဝဝ ကျော်လောက် အမြင့်ကနေ  တိမ်တွေရဲ့ အမြင့်ကနေ ပျံတာပါ။ အခုခရီးစဉ်က ပေ ၃ဝဝဝနဲ့  ၅ဝဝဝ ကြားကနေ လေယာဉ်မှူးရဲ့ အစီအစဉ်နဲ့ ပျံသန်းပေးမှာဖြစ်ပါတယ်''ဟု ဦးနောင်းနောင်းဟန်က ဆက်လက် ပြောသည်။

၎င်းရှုမျှော်ခင်းကြည့် အနိမ့်ပျံလေယာဉ် ခရီးစဉ်၏ ဈေးနှုန်းမှာ ပြတင်းပေါက်ဘက် ခြမ်းထိုင်ခုံသည် ငွေကျပ်ကိုး သောင်းဖြစ်ပြီး လူသွားလမ်းတစ်ဖက်တစ်ချက်ရှိ အတွင်း ထိုင်ခုံများမှာ ငွေကျပ်ခြောက်သောင်းကျသင့်  မည်ဖြစ် သည်။ လေယာဉ်၏တင်ဆောင်နိုင်မှု ပမာဏသည် ၇၂ ဦးဖြစ်ပြီး လေကြောင်း ပို့ဆောင်ရေးမှ ၅၄ ဦး တင်ဆောင် ခွင့်ပြ သော်လည်း အများဆုံး ၅၂ ဦးသာ လိုက်ပါ ခွင့်ပြုမည်ဖြစ်သည်။

ခရီးစဉ်တွင် လိုက်ပါကြသူများသည် ပြည်တွင်းလေကြောင်း၏ သတ်မှတ်ချက်များအတိုင်း လိုက်နာကြရ မည်ဖြစ်သည်။ ဒီဇင်ဘာ ၂ဝရက်တွင် ထွက်ခွာမည့် ခရီးစဉ်ဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၉ ရက်တွင် လေယာဉ်စီး ခရီးသည်များအတွက် သတ် မှတ်ပေးထားသည့် နေရာနှစ်နေရာတွင်  Covid Test ကျန်းမာရေး ဆေးစစ်မှု အား  မိမိတို့၏အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကာ လေယာဉ်ပေါ်မတက်မီ Negative ဖြစ်ကြောင်း ဆေးစစ်ချက် မှတ်တမ်း တင်ပြရမည်ဖြစ်သည်။ သို့သော်ခရီးသည် များအနေဖြင့် ရန်ကုန်မှ ထွက်ခွာပြီး ရန်ကုန်သို့ ပြန်ဆင်းမည် ဖြစ်သည့် အတွက်  Quarantine ဝင်ရန် မလိုအပ်ကြောင်းလည်း  သိရသည်။

၎င်းခရီးစဉ်သည် ပြည်တွင်းခရီးသွား လုပ်ငန်းအား ပြန်လည်စတင်နိုင်ရန် ကျန်းမာရေးနှင့်အညီ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ ပြေးဆွဲခြင်းဖြစ်ကာ ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန် လည် ပွင့်လင်း လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်လည်း လက်ရှိဈေးနှုန်းဖြင့် ပြေးဆွဲပေးနိုင်ပြီး ခရီးသည်များ၏  လိုအပ်ချက်အပေါ် မူတည်ကာ ထပ်မံပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ဝန်းရံခ