ယုံကြည်ချက် ခံယူချက်ကောင်းများနှင့်အတူ

 

ယုံကြည်ချက် ခံယူချက်ကောင်းများနှင့်အတူ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ   ၃၁  ရက်)

     ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသား လူငယ်မောင်မယ်များအတွက် အဆင့်မြင့်ပညာများ ဆည်းပူးရာ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သည်။ ကျောင်းတော်ကြီးတွင် တိုင်းရင်းသား လူငယ်မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးမှအစ လိုလေသေးမရှိအောင် နိုင်ငံတော် အစိုးရက တာဝန်ယူ စောင့်ရှောက်ပေးထားသည်။ အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြရသဖြင့် သင်တန်းသားများနေထိုင်ရာ တက္ကသိုလ်ကြီးသည် ပြည်ထောင်စုအိမ်ကြီး သဖွယ်ပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၂၅ ရက်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၆)  ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး  ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်မှ ချင်းတိုင်းရင်းသူ မမြတ်သင်ဇာကျော်က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါတိုင်းရင်းသူ၏ ပြောကြားခဲ့သည့်စကားများမှာ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူကြရမည့် လူငယ်မောင်မယ်တိုင်း ထားရှိရမည့်ယုံကြည်ချက်၊ ခံယူချက်ကောင်းများ ဖြစ်သည်။

“အနာဂတ်နိုင်ငံတော်ကို ဖန်တီးတည်ဆောက်ကြမယ့် မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေရှိလာအောင်၊ အကျင့့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးသွားပါမယ်။ အနာဂတ်မှာ အသိပညာကြွယ်ဝတဲ့ လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးတွေမှာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားပါမယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးမှာအရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်သွားပါမယ်။ 

ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်”ဟူ၍ ဂါရဝပြုတင်ပြခဲ့သည်။

အထက်ပါအကြောင်းအချက်များသည် ဆရာ၊ ဆရာမများက ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ပြည့်ဝစွာခံယူလိုက်နာရမည့် ကိစ္စရပ်များဖြစ်သည်။ ဤအချက်အလက်များအတိုင်း နှစ်ဦးနှစ်ဖက် ဆောင်ရွက်နိုင်ကြမည်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အနာဂတ်သည် ပိုမိုကောင်းမွန်၍ ပျော်ရွှင်စိတ်ကြည်နူးဖွယ်ကောင်းသည့် အနာဂတ်ကို ပိုင်ဆိုင်ကြလိမ့်မည်ဖြစ်သည်။ လူငယ်မောင်မယ်တိုင်းက မိမိနိုင်ငံကို မိမိတို့ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားသည့်စိတ်၊ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စုပြိုကွဲမည့် အရေးကိုမည်သည့်အခါမှ တွေးတောခြင်း၊ လုပ်ဆောင်ခြင်း မရှိသည့်စိတ်ဓာတ်များ ရှိနေရမည်ဖြစ်သည်။

လူသားများ၏ဘဝသည် အသိပညာ၊ အတတ်ပညာပြည့်စုံမှုရှိ၊ မရှိပေါ်တွင်မူတည်ပြီး ကွာခြားမှုများ ပြောင်းလဲမှုများ ရှိနေခြင်းပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက ပညာကိုတစိုက်မတ်မတ်ဖြင့် ဆုံးခန်းတိုင်အောင် သင်ယူနိုင်ကြပါက ဘဝအတွက်ပိုမို အကျိုးရှိမည်ဖြစ်သည်။ ပညာတစ်စိတ်တစ်ပိုင်းဖြင့် ကျောင်းထွက်ကြရပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆုံးခန်းတိုင် မသင်နိုင်ကြပါက ပညာပြည့်ဝသင့်သလောက် မပြည့်ဝနိုင်ဘဲ ဘဝတွင်လိုအပ်ချက်များ ရှိနေကြရမည်ပင်ဖြစ်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့် အစရှိသည့် ပညာကိုသင်ယူပါက  သင်ယူနိုင်သလောက် ဘဝတွင် လိုအပ်ချက်များ ပြည့်စုံနိုင်သည်ကို ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းဆင်းများ အနေဖြင့် မိမိတို့၏ ကိုယ်တွေ့နှင့်နှိုင်းယှဉ်ပြီး မိမိတို့၏တပည့်များကို ပညာသင်ယူနိုင်သလောက် သင်ယူကြရန်၊ အတတ်ပညာရှင်၊ အသိပညာရှင်၊ ကျွမ်းကျင်သူ၊ ပါရဂူများဖြစ်သည်အထိ ကြိုးစားသွားကြရန် တိုက်တွန်း လေ့ကျင့်ပေးကြရမည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ အနေဖြင့်  “တိုင်းပြည်၏ အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည်ကို မိမိတို့ တစ်တွေ ဖြတ်သန်းခဲ့သည့်သမိုင်းက ပြဆိုခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားဖြင့်သာ အဓိကထား တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်များ ရှိနေသည့်မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့်  ကြိုးစားကြပါက မိမိတို့နိုင်ငံသည် ဒေသတွင်းမှာသာမက ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်ရှိမည်မှာ မလွဲဧကန်ဖြစ်ကြောင်း”  ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၆) ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂါရဝပြုတင်ပြချက်များအတိုင်း ယုံကြည်ချက်၊ ခံယူချက်ကောင်းများနှင့်အတူ လျှောက်လှမ်းကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။       ။ 

Dates: 
Thursday, October 31, 2024 - 03:28