ခမ်းခမ်းနားနား ထည်ထည်ဝါဝါ တက္ကသီလာ

 

ခမ်းခမ်းနားနား ထည်ထည်ဝါဝါ တက္ကသီလာ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ   ၁  ရက်)

နိုင်ငံတိုင်းတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ လူသားတို့၏ ပညာတတ်မြောက်မှုသည် မိမိနိုင်ငံ၏ အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ပညာတတ်လူငယ်များကို မွေးထုတ်ပေးလျက် ရှိသည်နှင့်အတူ အဆိုပါလူငယ်များ အနေဖြင့် စိတ်ပိုင်းဆိုင်ရာတွင် မိမိနိုင်ငံ၊ မိမိလူမျိုးကို တန်ဖိုးထားမြတ်နိုးထားစိတ်များလည်း ရှိနေရမည်ဖြစ်သည်။

ဆိုလိုသည်မှာ ပညာတတ်လူသား အရင်းအမြစ်တိုင်းသည် မိမိနိုင်ငံနှင့်မိမိလူမျိုးကို ချစ်မြတ်နိုးစိတ်ရှိနေမှသာ မိမိနိုင်ငံသည်ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲနေမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်  ‘‘တစ်နိုင်ငံလုံး အသိပညာ၊  အတတ်ပညာမြင့်မား တိုးတက်စေရေး၊  ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး’’ နှင့် ‘‘နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး’’ ဟူသည့် လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လူငယ်တိုင်းသည် မိမိတို့ဘဝ တိုးတက်မြင့်မားရေး၊ မိမိနိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ယူကြရမည်ဖြစ်သည်။ ခေတ်မီတိုးတက်နေသော ပညာခေတ်တွင် ပညာသည်အမြင့်မားဆုံးသော စွမ်းဆောင်ရည် တစ်ရပ်ဖြစ်လာသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ ပေါင်းစုံတွင် ပညာမြင့်မားသူ၊ တီထွင်ဖန်တီးနိုင်သူတို့များစွာ ရှိနေရန် လိုအပ်သည်။ လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြရမည့်သူများ ဖြစ်ပေရာ အဆိုပါလူငယ်တို့၏ ပညာရေးကိုအလေးအနက်ထားကာ လုပ်ဆောင်ပေးနေခြင်းမှာ နိုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက်ချက်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၃ဝ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University  တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ Naypyitaw State Polytechnic University သည် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် တည်ထောင်ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် သင်ကြားရေးပိုင်း ဆိုင်ရာတွင်သာမက အဆောက်အဦပိုင်း ဆိုင်ရာများတွင်လည်း အကောင်းမွန်ဆုံး တည်ဆောက်ထားသည်။ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိပြီး သစ်ပင်ပန်းမန်များကို စနစ်တကျ ထည့်သွင်းစိုက်ပျိုးထားလျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ‘‘ယခု  Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ  စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ် တစ်ခုဖြစ်သည့်အတွက်  ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊  အိပ်ဆောင်များနှင့် အခြားအထောက်အကူပြု အဆောင်များအားလုံး  အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများ ထည့်သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမဦးရေ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက်များအတွက်လည်း ကြိုတင်တွက်ချက် စဉ်းစားဆောင်ရွက် ထားရှိရန်လိုကြောင်း၊  တက္ကသိုလ် ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ် မူတည်၍ကျောင်းသား၊ ကျောင်းသူတိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုတင်တွက်ချက် ဆောင်ရွက် ထားရှိရန်လိုကြောင်း’’ လမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော်သည် နိုင်ငံ၏မြို့တော် ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် Green City, Clean City, Smart City ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရန်ရည်ရွယ်ပြီး  နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အဆင့်မြင့် ကျွမ်းကျင်အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန်အတွက် ထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ် Naypyitaw State Polytechnic University ကို တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါတက္ကသိုလ်တွင် အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များကိုပါ တိုးချဲ့သင်ကြား ပေးနိုင်ရေး ဆောင်ရွက်ထားရှိသည်။

အနှစ်ချုပ်ဆိုရသော် Naypyitaw State Polytechnic University သည် နိုင်ငံတော်၏အနာဂတ်တွင် ခမ်းခမ်းနားနား ထည်ထည်ဝါဝါ တက္ကသီလာအဖြစ် ထင်ရှားစွာ တွေ့မြင်ရတော့မည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။    ။

Dates: 
Friday, November 1, 2024 - 03:33