အမှောင်ပယ်ခွင်းထိန်ထိန်လင်းသည့် ဒီပါဝလီပွဲတော်

 

အမှောင်ပယ်ခွင်းထိန်ထိန်လင်းသည့် ဒီပါဝလီပွဲတော်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ  ၂ ရက်)

     မြန်မာနိုင်ငံတွင် နိုင်ငံသားတို့၏ ကိုးကွယ်မှုဆိုင်ရာနှင့် ပတ်သက်လာလျှင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ပြုထားသည်။ ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုထားသကဲ့သို့ ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ နိုင်ငံတော်က အသိအမှတ်ပြုထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိသည်။

အဆိုပါဘာသာများနှင့် ပတ်သက်သောနေ့ကြီးရက်ကြီးများနှင့် ပတ်သက်၍လည်း တရားဝင်ရုံးပိတ်ရက်များ သတ်မှတ်ပေးထားသည်။ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့သည် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းပေးနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာဖြင့် ကြေညာထားသည်။ ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဘာသာရေး၊ ဓမ္မရေးပွဲတော်နေ့ဖြစ်သကဲ့သို့ အမျိုးသားရေး ပွဲတော်လည်းဖြစ်သည်ဟုသိရှိရသည်။

‘‘ဒီပါဝလီ’’ ဟူသည့် စကားလုံးအသုံးအနှုန်းသည် ‘‘ဒီပ’’နှင့်‘‘အာဝလိ’’ ဟူသည့် ပါဠိဘာသာစကား နှစ်ခုကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ဆီမီးအလင်းရောင်များ တန်းစီလျက် အဆန်းတကြယ် အသွယ်သွယ် စီခြယ်ထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရရှိသည်။ ဘာသာအသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးအပ်လျက်ရှိသကဲ့သို့ အခမ်းအနားများကိုလည်း တာဝန်ရှိသူများ တက်ရောက်အားပေး ချီးမြှင့်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို အခြေခံမူလေးချက်ဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအခြေခံမူလေးချက်မှာ‘‘ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားရန်၊ အတူတကွအေးချမ်းစွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ကြရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့်နစ်နာမှုများ ရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန်’’ ဖြစ်သည်။ အဆိုပါကောင်းမြတ်သော အခြေခံမူများ ချမှတ်ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံတွင် ဘာသာရေးပဋိပက္ခ ကင်းစင်နေခြင်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်သည်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကိုပြသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။

ဒီပါဝလီပွဲတော်ကာလ ဆီမီးထွန်းညှိပူဇော်ခြင်းကို အခြေခံပြီး လူသားအချင်းချင်း အပြန်အလှန်ချစ်ခင်ရင်းနှီးခြင်းမေတ္တာတရား၊ အပြန်အလှန်သည်းခံ ခွင့်လွှတ်ခြင်း အဟိံသတရား၊သနားကြင်နာခြင်း ကရုဏာတရားစသည့် ဓမ္မအလင်းတန်းများ ဖြန့်ကြက်ဝေဖြာစေခြင်း တို့ကိုဖြစ်စေနိုင်သည်။ ဒီပါဝလီပွဲတော် မှာ အိန္ဒိယနိုင်ငံ၏ အထင်ကရပွဲတော်များတွင် တစ်ခုပါဝင်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်နှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့်နှစ်နိုင်ငံဖြစ်သည်။

ဘာသာရေးနှင့်ယဉ်ကျေးမှု ဆက်ဆံရေးတွင် အသောကမင်းကြီး လက်ထက်ကပင်ရှိခဲ့ကြောင်း ထင်ရှားသော မှတ်တမ်းများအရသိရှိရသည်။ နှစ်နိုင်ငံအကြားနှစ်ပေါင်း ထောင်ချီသည့်ကာလကတည်းက ကိုးကွယ်ယုံကြည်မှု ဘာသာတရားအရ လည်းကောင်း၊ အတန်အသင့် တူညီမှုရှိသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ အရလည်းကောင်း၊ ဗိသုကာဆိုင်ရာ အဆောက်အအုံပညာရပ်များအရ လည်းကောင်း၊ စားရေရိက္ခာအဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ၊  ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အရလည်းကောင်း အပြန်အလှန် ဆက်ဆံမှုရှိသည့်အတွက် အသုံးအဆောင် ပစ္စည်းများ၊ အစားအစာနှင့် ဝတ်စားဆင်ယင်မှုများမှ အသုံးအနှုန်း အခေါ်အဝေါ်များ တူညီမှုများစွာရှိနေသည်။

ဒီပါဝလီပွဲတော်မှာလည်း မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော် ကျင်းပပြီးချိန်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် မကျင်းပမီအချိန်အတွင်း ကျင်းပသည့်ပွဲတော် တစ်ခုဖြစ်သည်။ အဆိုပါပွဲတော်များမှာ မီးထွန်းပွဲတော်များဖြစ်ပြီး တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်သကဲ့သို့ မြန်မာနှင့်အိန္ဒိယ လူမျိုးများအတူတကွ ပေါင်းစည်းထားသည့် ဆွေမျိုးရင်းချာပမာ ရင်းနှီးသောဆက်ဆံရေး၏ ရောင်ပြန်ဟပ်မှုတစ်ခုပင်ဖြစ်သည်။ ဒီပါဝလီပွဲတော်ကို ဂရိုဂိုးရီးယန်း ပြက္ခဒိန်အရ အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်တို့တွင် ကျင်းပလေ့ရှိသည်။ ဒီပါဝလီပွဲတော်မှာ ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်များထဲတွင် အကျော်ကြားဆုံးဖြစ်ပြီး ပွဲတော်ကို ငါးရက်ကြာ ကျင်းပကြောင်းသိရှိရသည်။ ဆီမီးထွန်းညှိပူဇော်ခြင်းမှာ အမှောင်ကိုပယ်ခွင်း၍ အလင်းကိုဆောင်ခြင်းဖြစ်ပေရာ အမှောင်ထုအပေါ် အလင်းကအနိုင်ရခြင်း၊ အဓမ္မဝါဒီများအပေါ် ဓမ္မဝါဒီများကအနိုင်ရခြင်း၊ မှားယွင်းသည့်အသိဉာဏ် အပေါ်မှန်ကန်သည့် အသိဉာဏ်ပညာက အနိုင်ရခြင်းတို့ ကိုယ်စားပြုခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ အနှစ်ချုပ်ဆိုရသော် အမှောင်ပယ်ခွင်း ထိန်ထိန်လင်းသည့် ဒီပါဝလီနေ့ကို ကြိုဆိုဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Saturday, November 2, 2024 - 03:35