ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ နယ်စုံမှ တစ်ရက်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကုန်ပိဿာ သုံးသိန်းကျော် ဝင်ရောက်
ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ နယ်စုံ မှ တစ်ရက်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကုန်ပိဿာ သုံးသိန်းကျော် ဝင်ရောက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။
သီရိမင်္ဂလာဈေးသို့ ရှမ်းပြည်နယ် အပါအဝင် နယ်စုံမှဟင်းသီးဟင်းရွက်၊ ပန်းမျိုးစုံနှင့်သစ်သီးဝလံများ ဝင်ရောက် လျက်ရှိသည်။
"လက်ရှိမှာ သီရိမင်္ဂလာဈေးကို တစ်ရက်ကို ကုန်ကားအစီးရေ ၃၅၀ လောက် ဝင်ပါတယ်။ ကုန်ချိန်ပေါင်းက သုံးသိန်း ကျော် တန်အားဖြင့် တန် ၅၀၀၀ ကျော်ဝင်ပါတယ်။ ရောက်ရှိလာတဲ့ကုန်တွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ရာသီ ကုန်အစုံပါပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ သီရိမင်္ဂလာဈေး တာဝန်ခံကပြောသည်။
ထိုသို့ဝင်ရောက်ရာတွင် ရာသီပေါ် သီးနှံများဖြစ်သည့် ကန်စွန်း၊ ချဉ်ပေါင်၊ငရုတ် စသည့်ဟင်းသီးဟင်းရွက်များ၊ ရာသီ ပေါ်ပန်းမျိုးစုံ၊ မာလကာသီး၊ ထောပတ် သီး စသည့်သစ်သီးဝလံများ ဝင်ရောက် နေကြောင်း သိရသည်။
"ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အပြင် နယ်စုံကနေ ကုန်တွေဝင်ရောက်နေ ပါတယ်။ သီရိမင်္ဂလာဈေးကတစ်ဆင့် ရန်ကုန်မြို့ကဈေးတွေနဲ့ နယ်စုံကိုပြန် ပြီးတင်ပို့တယ်။ အရောင်းအဝယ်ကလည်း ပုံမှန်အနေအထားမှာရှိပါတယ်"ဟု ၎င်းကပြောသည်။
အဆိုပါဈေးသို့ ဝင်ရောက်လာသည့် ကုန်များကို ရန်ကုန်မြို့ရှိ လက်လီဈေး များအပါအဝင် နယ်စုံသို့ပြန်လည်တင်ပို့လေ့ရှိကြောင်း၊ သီရိမင်္ဂလာဈေး၌ ဈေးရုံပေါင်း ၁၄ ရုံ၊ ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိကြောင်း သိရသည်။