အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် အလေးထား လုပ်ဆောင်လျက်ရှိသည်။ ပြည်သူလူထု၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာမှုမရှိစေရန်၊ အသိပညာနှင့်ကိုယ်ကျင့်သိက္ခာ မြှင့်တင်စေရန်အတွက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် အရေးယူလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေခြင်းမှာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူလက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ဘဝများ သာယာဝပြောလာစေရန် ရည်မှန်းချက်ထားရှိလျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းထားရှိသည်။ ကော်မရှင်၏ လုပ်ငန်းတာဝန်များအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူကာ အဂတိလိုက်စားမှုဆိုင်ရာ အများပြည်သူသို့ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် အဂတိလိုက်စားမှုများအား အရေးယူ
ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ရန် သတ်မှတ်ထားသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ဆောင်ပုဒ်သည် အဂတိပယ်ခွာပြည်သာယာ ဟူ၍ဖြစ်သည်။
အဂတိလိုက်စားမှုကင်းစင်သောတိုင်းပြည်သည် သာသာယာယာရှိနေမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင်တိုးတက်မှုရှိကာ နိုင်ငံတော်သည်လည်း သာယာဝပြောနေပေလိမ့်မည်။ အဂတိလိုက်စားမှုသည် နိုင်ငံအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အဓိကအတားအဆီး တစ်ခုဖြစ်နေသည်။ အဂတိလိုက်စားမှု၊ ပဋိပက္ခနှင့် မတည်ငြိမ်မှုများသည် အပြန်အလှန်ဆက်နွှယ်နေသည့်အတွက် ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ အားကစား၊ ကျား၊ မတန်းတူညီမျှရေး၊ တရားမျှတမှုရှိရေး စသည့် လူမှုအဖွဲ့အစည်း၏ တိုးတက်မှုနယ်ပယ်အားလုံးကို အဂတိ လိုက်စားမှုများက ထိခိုက်စေလျက်ရှိသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် နိုင်ငံတိုင်းတွင် အဓိကထား ဆောင်ရွက်နေသည့်ကိစ္စရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်စတင် ကျင့်သုံးသည်နှင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို ဦးတည်ဆောင်ရွက်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အများပြည်သူကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အသိပညာပေးခြင်းတွင်ဝန်ကြီး ဌာနများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် လူမှုရေးအဖွဲ့အစည်းများတွင် ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်(၂ဝ၂၂-၂ဝ၂၅)ကိုရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိ ပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ်များပါဝင်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရေးသည် အလွန်အရေးကြီးလှသည်။ အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူငယ်များ၏ စိတ်ဓာတ်နှင့် စာရိတ္တပျက်စီးစေပြီး နိုင်ငံအတွက်အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှုလျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပြည်သူအားလုံးသိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ကမ္ဘာကြီးတွင် လူသားတို့၏သာယာဝပြောမှုနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများအနက် အဂတိလိုက်စားမှုသည်လည်း တစ်ခုပါဝင်သည်။ အဂတိလိုက်စားမှုကြောင့် လူသားအချင်းချင်း ခေါင်းပုံဖြတ်မှု၊ အနိုင်ကျင့်မှုနှင့် မတရားမှုများကိုဖြစ်ပေါ်စေလျက်ရှိသည်။ အဂတိလိုက်စားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆန့်ကျင်ဘက်အသွင် ဆောင်လျက်ရှိသည်။ အဂတိလိုက်စားမှုများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောကအကူဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေသည်။ ဝင်ငွေမညီမျှမှု ပိုမိုဆိုးရွားစေသည်။ အစိုးရဝန်ဆောင်မှု စရိတ်များမြင့်တက်စေသည်။ နိုင်ငံ၏စီးပွားရေးအပေါ် တိုက်ရိုက်ထိခိုက်စေသည့်အပြင် အခြားသော ဖွံ့ဖြိုးရေးကဏ္ဍများကိုလည်း သွယ်ဝိုက်၍ ထိခိုက်စေလျက်ရှိကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့” ဟူ၍ တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။