ဓမ္မအလင်းရောင်များ ထွန်းလင်းတောက်ပနိုင်ပါစေ
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်)
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်စုစည်းနေထိုင်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ နေထိုင်သည့်လူမျိုးများ ကွဲပြားသည့်နည်းတူ ကိုးကွယ်သည့်ဘာသာများလည်း ကွဲပြားကြသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူ နိုင်ငံသားများ အနေဖြင့်လည်း ကိုးကွယ်ရာဘာသာများ ကွဲပြားမှုရှိကြသည်။ မည်သို့ပင်ဘာသာ၊ လူမျိုးကွဲပြားနေကြသော်လည်း အားလုံးသည်မြန်မာနိုင်ငံသား ပြည်သူများဟူသော အသိစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်လျက်ရှိကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အေးချမ်းသာယာ၍ နေချင့်စဖွယ်ကောင်းသည့်နိုင်ငံအဖြစ် ကမ္ဘာကအသိအမှတ်ပြုထားသည်။
သို့သော်လည်း ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းမှု မရှိခြင်းကြောင့်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပြည်ပနိုင်ငံအချို့ကလည်း နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့်လှုံ့ဆော်မှု အမျိုးမျိုးကို လုပ်ဆောင်နေကြသည်။
ထိုသို့သွေးထိုးလှုံ့ဆော်မှုများမှ တစ်ဆင့် နိုင်ငံအတွင်းအကြမ်းဖက် လုပ်ရပ်များကို မိုက်မဲစွာကျူးလွန်နေကြခြင်းဖြစ်သည်။ စည်းလုံးညီညွတ်မှု ပြိုကွဲနေပါက သပ်လျှိုသွေးထိုး ခံနေရမည်ဖြစ်၍ နိုင်ငံတော်ပြိုကွဲမည့် အန္တရာယ်ကို သတိရှိရှိကာကွယ်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဤမြေ၊ ဤရေ၊ ဤလေကို တူညီစွာသုံးစွဲနေထိုင်ကြသည့် မြန်မာနိုင်ငံသားတိုင်းသည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီး နေကြရန် လိုအပ်သည်။ ယနေ့ကာလတွင် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်း နိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင်အထည် ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်သူများအားလုံးသွားလိုသည့် လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည် ရောက်ရှိစေရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအတွက် ဖိတ်ခေါ်ထားပြီးဖြစ်သည်။
နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူများ အနေဖြင့် မိမိတို့ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်၍ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည်။ တစ်ဦး၏ ဘာသာတရားအပေါ် အခြားတစ်ဦးက လေးစားကြသည်။
တန်ဖိုးထားကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေးထားပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ဘာသာရေးနှင့် ပတ်သက်လာလျှင် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်များ၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သူများ၏ နှစ်သစ်ကူးပွဲတော်များနှင့် အခြားထင်ရှားသော အထိမ်းအမှတ်ပွဲတော်၊ ဘာသာရေးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်ပြုထားပြီး လိုအပ်သည်များ ကူညီပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့တွင်ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ‘‘မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများ ဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန်ချစ်ကြည် ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုး သွားကြစေလိုကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။
ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်သည် ရိုးရာမီးထွန်းပွဲတော်ဖြစ်ပြီး ‘‘ဒီပ’’ ဟူသည့် မီးအလင်းရောင်နှင့် ‘‘အာဝလိ’’ ဟူသည့် စီတန်းခြင်းဟူသော အဓိပ္ပာယ်တို့ကိုပေါင်းစပ်၍ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်း အဓိပ္ပာယ်ရသည်ဟု သိရှိရသည်။ ထိုသို့ ဆီမီးထွန်းညှိပူဇော်ခြင်းအားဖြင့် အလင်းက အမှောင်ကိုခွင်းနိုင်ပြီး မကောင်းသည့်အခြေအနေဆိုးကို ပယ်ပျောက်၍ ကောင်းသည့် အခြေအနေကို ဖန်တီးလိုက်ခြင်း သဘောမျိုးဖြစ်သည်။ လူတိုင်းသည် အကောင်းဆုံးကိုမျှော်လင့် လုပ်ဆောင်ကြသူများဖြစ်သည်။ စာပေ၌ ‘‘အမှောင်ခွင်း၍ အလင်းဆောင်အံ့’’ဟုဆိုကြပြီး အလင်းရောင်သည် လူသားတို့အားလုံးအတွက် ကောင်းကျိုးဖြစ်စေမည့် အဓိကခွန်အား၊ စွမ်းအားဖြစ်ကာ အလွန်ပင်အဓိပ္ပာယ်ရှိပါသည်။
ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ် အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေး အဖွဲ့အစည်းများအပါအဝင် လူမှုရေးအဖွဲ့အစည်းများ အားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာဝင်များစုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ကြခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်။ ဘာသာတရားတိုင်းသည် လူသားများ၏ ကောင်းကျိုးကိုသာ ရှေးရှုခြင်းဖြစ်သည်။
ဒီပါဝလီပွဲတော်သည်လည်း မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကို ထားဆိုသည့် ဗုဒ္ဓဘာသာတရားတော်နှင့် တူညီသည်။ မြန်မာနိုင်ငံတော်နှင့်တကွ ကမ္ဘာကြီးတစ်ခုလုံးအပေါ်တွင် ဓမ္မဟူသော အလင်းရောင်များလွှမ်းမိုးကာ အေးချမ်းသာယာသော လူ့ဘောင်ကို တည်ဆောက်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။