ပေါက်ကုန်းကျေးရွာမှ မိရိုးဖလာရိုးရာ ဝါးတောင်းအမျိုးမျိုးရက်လုပ်ခြင်းလုပ်ငန်း

ပေါက်ကုန်းကျေးရွာမှ မိရိုးဖလာရိုးရာ ဝါးတောင်းအမျိုးမျိုးရက်လုပ်ခြင်းလုပ်ငန်း

မင်းဘူး နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်  ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် တစ်ရွာလုံး ဘိုးဘွားစဉ်ဆက်ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော ဝါးတောင်းအမျိုးမျိုး  ရက်လုပ်ခြင်းလုပ်ငန်းကိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြသည်။

    ထိုကဲ့သို့ ရက်လုပ်ကြသော လုပ်ငန်းများမှ တောင်းအမျိုးမျိုးအပြင် ဆန်ကော၊ ဆန်ခါအမျိုးမျိုး၊   ခြင်းအမျိုးမျိုးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ပြုလုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။  “ကျွန်မတို့တစ်ရွာလုံး ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ကြတာ  နှစ်ပေါင်း၄၀/၅၀ ကြာပါပြီ။     ကလေးကအစတစ်ရွာလုံးလည်း ရက်လုပ်တတ်ကြပါ တယ်။ ကုန်ကြမ်းအနေနဲ့ ဝါးတစ်လုံးကိုငွေကျပ် ၁၃၀၀၊  ကြိမ် ၁၀၀ စည်း တစ်စည်းကို ငွေကျပ် ၈၀၀၀ ပေးဝယ်ရပြီး တောင်းတစ်လုံးကို ငွေကျပ် ၁၅၀၀၀၊ အမှိုက်တောင်းတစ်လုံးလျှင် ငွေကျပ်  ၆၀၀၀ ၊ တင်းတောင်းတစ်လုံးလျှင် ငွေကျပ် ၄၅၀၀၀၊   ငွေကျပ်၅၀၀၀၀ ဖြင့်ရောင်းရပါတယ်။ တစ်နေကုန်တစိုက်မတ်မတ် ရက်လုပ်မယ်ဆိုရင်တော့ တစ်နေ့ကို   တောင်းလေးလုံးလောက်ပြီးတယ်။ အများဆုံးကတော့  တောင်းများကိုသာ ရက်လုပ်လေ့ရှိကြပြီး  ကျန်ပစ္စည်းများကို  မှာယူသူရှိမှ ရက်လုပ်ပေးပါတယ်”ဟု တောင်းရက်လုပ်ရောင်းချသူ ဒေါ်ချိုမှပြောသည်။

       အဆိုပါ ဝါးဖြင့်ပြုလုပ်ရောင်းချသော အိမ်အသုံးအဆောင် ပစ္စည်းများမှာ ဝါးတောင်းအပြင်   ဆန်ကော၊  ဆန်ခါ၊ ကြက်အုပ်ခြင်း၊ အမှိုက်တောင်း၊ မီးအုပ်ဆောင်း၊ ဓာတ်ပုံတင်စင်၊ တစ်ရှူးဘောက်၊ ရေခွက်၊ ဝိုင်ခွက်၊ ဘောပင်ထည့်သည့်ခွက်၊ ဖုန်းတင်သည့်စင်၊  ဗန်းချော၊ ဆန်/စပါး ခြင်သည့် ပြည်တောင်း၊ တင်းတောင်း၊ ဖျာများကိုပါ  ရက်လုပ်ကြသည်။ အဆိုပါ ဝါး‌‌တောင်းအမျိုးမျိုး   ပြုလုပ်သည့် ရိုးရာလုပ်ငန်းကို  မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာနှစ်ရွာသာရှိပြီး  ဝါးတောင်းအမျိုးမျိုးပြုလုပ်ကြသည့်   ပေါက်ကုန်းကျေးရွာနှင့် မိရိုးဖလာရိုးရာအိုးလုပ်ငန်းဖြင့် တစ်ရွာလုံးအသက်မွေးဝမ်းကျောင်း ပြုလုပ်ကြသည့် ရွာသာယာကျေးရွာပင်ဖြစ်သည်။

ဝင်းနိုင်(ဇေယျာမြေ)