ကလိန်အောင်မြို့၌ ထန်းရည်ထွက်ချိန် ရာသီတွင် အညာဒေသမှ ထန်းတက်သမားများ လာရောက်ရွှေ့ပြောင်းလုပ်ကိုင်
ကလိန်အောင် နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံတောင်ပိုင်း၏မြို့တစ်မြို့ဖြစ် သော တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ နိုဝင်ဘာလပိုင်းမှစ၍ ထန်းရည်ထွက်ချိန်ရာသီကာလတွင် အညာဒေသမှ ထန်းတက်သမားများလာရောက်ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
လာရောက်ရွှေ့ပြောင်းလုပ်ကိုင်ရာတွင်မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ဘက်ရှိ ကျေးရွာတို့မှ မိသားစုအလိုက်လာရောက်၍ လုပ်ကိုင်ကြကြောင်း အဆိုပါ ထန်းတက်လုပ်ကိုင်နေသူထံမှ သိရသည်။
“အခုရာသီက ထန်းရည်ထွက်ချိန်ကာလဆိုတော့ ကိုယ်တတ်ကျွမ်းလုပ်ကိုင်နေကျဖြစ်တဲ့ ထန်းတက်လုပ်ငန်းကိုပဲ နှစ်တိုင်းလာရောက်လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အညာဒေသဘက်ကပဲမိသားစုအလိုက် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါတယ်”ဟု ကလိန်အောင်မြို့ရှိ အညာဒေသမှ ထန်းတက်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
အညာဒေသတွင် ပဲစိုက်ခင်း၊ ကြက်သွန်စိုက်ခင်းများတွင် နေ့စားအငှားလိုက်လုပ်ကြပြီး အခုအချိန်တွင် ထန်းရည်ထွက်ချိန်ဖြစ်သောကြောင့် ကလိန်အောင်မြို့သို့ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါ ထန်းတက်လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်၊ ရေဖြူ၊ ကလိန်အောင်မြို့ စသည့် မြို့တို့တွင် အညာဒေသမှ ထန်းတက်သမားများ အများအပြား လာရောက်လုပ်ကိုင်ကြကြောင်း သိရသည်။