မုံရွာခရိုင်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၃၉၇၀၁ ဧကလျာထား စိုက်ပျိုးမည်

မုံရွာခရိုင်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၃၉၇၀၁ ဧကလျာထား စိုက်ပျိုးမည်

မုံရွာ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း‌ဒေသကြီးမုံရွာခရိုင်အတွင်း   ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင်ဆီထွက်သီးနှံ မြေပဲ၊  နှမ်း၊ နေကြာ၊ ပန်းနှမ်းစသည့်သီးနှံများ စုစုပေါင်းစိုက်ဧက ၁၃၉၇၀၁ ဧက လျာထားစိုက်ပျိုး မည်ဖြစ်ကြောင်းမုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ယခုအခါ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ် လုပ်မှုတိုးတက်ရေး အတွက် ဆီထွက်သီးနှံမျိုးစုံကို အထွက်နှုန်းကောင်း မျိုးကောင်း၊မျိုးသန့်များကို    အသုံးပြုစိုက်ပျိုးရန်၊ စိုက်နည်းစနစ်မှန်ကန်စေရန်၊သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာတို့ကို အချိုးကျသုံးစွဲနိုင်စေရန် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးနှင့်အထွက်နှုန်း ကောင်းမွန်စေရေး၊  ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ စိုက်ပျိုးရေးနည်းပညာရပ်များ ရယူသုံးစွဲရေးတို့ကိုလည်းအသိပညာပေးဆောင်ရွက်လျက်ရှိသည်။

မုံရွာခရိုင်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်  ဆီထွက်သီးနှံများလျာထားစိုက်ပျိုးမှုအနေဖြင့်  မြေပဲ ဧက၄၁၃၁၀၊ နှမ်း ၆၆၉၉၁ ဧက၊ နေကြာ ဧက၃၁၃၀၀ နှင့် ပန်းနှမ်းဧက ၁၀၀ စုစုပေါင်း ၁၃၉၇၀၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆီထွက်သီးနှံများကို မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ် တို့၌ စိုက်ပျိုးမည်ဖြစ်ပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းရေးနှင့်    ပြည်တွင်းစားသုံး ဆီဖူလုံရေးတို့အတွက်ရည်ရွယ်ကာ စိုက်ပျိုးရေးဦးစီးဌာနနှင့်  ဒေသခံတောင်သူများ ပူးပေါင်းစိုက်ပျိုး မည်ဖြစ်ကြောင်းသိရသည်။