နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပါဝင်ပြသရောင်းချသူများ၊ လေ့လာသူများနှင့် တာဝန်ရှိ သူတို့၏စကားသံများ
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာလုပ်ငန်းမှတာဝန်ရှိသူများ၊ ပါဝင်ပြသရောင်းချသူများ၊ လာရောက် လေ့လာသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-
ဦးသန်းဇော်ဦး (ကျောက်မျက်ပြပွဲဗဟို ကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) အထွေထွေမန်နေဂျာ)
ကျွန်တော်တို့ ကျောက်မျက်ရတနာ များကို အုပ်စုသုံးစုအနေနဲ့ နေ့အလိုက် ရောင်းချသွားမှာဖြစ်ပါ တယ်။ ကျောက်မျက် အတွဲမှာ ကျွန်တော်တို့က ကျောက်မျက်နဲ့ ကျောက်စိမ်းကို အဓိကတာဝန်ယူရတာဖြစ်ပါတယ်။ကျောက်မျက်အတွဲပေါင်း ၁၆၀ တင်ပြရောင်းချသွားမှာဖြစ်ပါတယ်။ ကျောက်စိမ်းအတွဲ က တော့ အုပ်စု A ၊ အုပ်စု B၊ အုပ်စု C ဆိုပြီး အမျိုးအစားခွဲထားပါတယ်။ စုစုပေါင်းကျောက်စိမ်းအတွဲကတော့ ၄၈၀၀ ရောင်းချသွားမှာဖြစ်ပါတယ်။ နေ့အလိုက် ကျောက်မျက်တွေက ၁၈ ရက် နေ့ကနေ ၂၀ ရက်နေ့အထိ ကျောက်မျက် တွေကြည့်ရှုစစ်ဆေးမှာဖြစ်ပါတယ်။ ၂၁ ရက်နေ့မှာ ကျွန်တော်တို့က ရောင်းချသွားမှာဖြစ်ပါတယ်။ ကျောက်မျက်ကတော့ တစ်ရက်ပဲရောင်းချသွားမှာဖြစ်ပါတယ်။ ကျောက်စိမ်းအတွဲတွေအနေနဲ့ ကျောက် စိမ်းအုပ်စု A ကို နိုင်ငံခြားငွေနဲ့တန်ဖိုး သတ်မှတ်ပြီးတော့ ရောင်းချမှာဖြစ်ပါတယ်။ဝယ်ယူတာ က တော့ပြည်ပကုန်သည်ရောပြည်တွင်းကုန်သည်များပါဝယ်ယူနိုင်ပါတယ်။
ပြည်တွင်းကုန်သည် ဝယ်ယူရင်လည်း နိုင်ငံခြားငွေနဲ့ပေးချေရမှာဖြစ်ပါတယ်။ နောက်တစ်ခု ကျောက်စိမ်းအုပ်စု B ကပြည်ပကုန်သည်ဝယ်ယူရင် နိုင်ငံခြားငွေနဲ့ပေးချေရမှာဖြစ်ပြီး ပြည်တွင်းကုန် သည်ဝယ်ယူရင် နိုင်ငံခြားငွေနဲ့ညီမျှတဲ့ကျပ်ငွေနဲ့ ပေးချေရမှာဖြစ်ပါတယ်။ကျောက်စိမ်းအုပ်စု C က အထူးသဖြင့်ပြည်တွင်းကုန်သည်တွေမန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာအခြေခံပြီး ကျောက်မျက်လုပ်ငန်းလုပ်ကိုင်နေတဲ့ အသေးစား MSME လုပ်ငန်းရှင်တွေရှိ ပါတယ်။ အဲဒီအတွက် ကုန်ကြမ်းရရှိဖို့ အတွက် သူတို့ကို အခြေခံကျပ်ငွေနဲ့ သတ်မှတ်ထားပါတယ်။ ကျပ်ငွေနဲ့ဝယ်ယူ ပြီး ကျပ်ငွေနဲ့တန်ဖိုးပေးချေရမှာဖြစ်ပါ တယ်။ ကျောက်စိမ်းအုပ်စု C ကတော့နိုင်ငံခြားသားဝယ်ယူခွင့်မရှိပါဘူး။ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် သီးခြားသတ်မှတ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဦးအောင်ဇေယျ(နေပြည်တော် ကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)
ကျွန်တော်ကတော့ နေပြည်တော် ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်ပါတယ်။ ကျောက်မျက်ရတနာပြပွဲ တွေကိုနိုင်ငံတကာရော ပြည်တွင်း၊ ပြည်ပပါ ရောင်းဝယ်ဖောက်ကားခွင့်ရအောင် နိုင်ငံတော်အစိုးရကကျင်းပပေးတာ ကျွန်တော်တို့အနေနဲ့နှစ်ထောင်းအားရဖြစ်မိပါတယ်။ ပြပွဲတွေကို နိုင်ငံတော် ကကျင်းပခြင်းအားဖြင့် ကျောက်မျက် ရတနာရောင်းချတဲ့အခါ လွဲမှားမှုမရှိတာရယ်၊ ပစ္စည်းအစစ်တွေရနိုင်တာ၊ နိုင်ငံတော်က ဖြေလျှော့တဲ့အခွင့်အရေး၊ အခွင့်အလမ်းတွေလည်း အများကြီးပေးထားပါတယ်ခင်ဗျာ။ ဒါကြောင့် ပြည်တွင်း၊ ပြည်ပကလုပ်ငန်းရှင်တွေကိုလည်း ပြပွဲမှာလာရောက်ပြီး ရောင်းဝယ်ဖောက်ကားစေချင်ပါတယ်။ ကျွန်တော်တို့အသင်းကလည်းနိုင်ငံတကာ ကျောက်မျက်အသင်းနဲ့ချိတ်ဆက်ပြီး နိုင်ငံတကာမှာရောင်းချနိုင်ဖို့ကြိုးစားနေပါတယ်။
ဒေါ်ထရီဇာ (Gems & Jewelleryလုပ်ငန်းရှင်)
ကျွန်မကတော့ Gems & Jewellery က Founder တစ်ယောက်ဖြစ်ပါတယ်။ဒီမှာလာရောက်ရောင်းချတာ လေးကြိမ်မြောက်ရှိပါပြီ။ ကျွန်မကကျောက်မျက်တွေကိုချစ်တဲ့အတွက် မိုးကုတ်သဘာဝတွင်းထွက်ပစ္စည်းစစ်စစ်များကိုရောင်းချပါတယ်။ ကျွန်မတို့ကုန်သည်တွေအတွက်ကတော့ ဒီမှာကိုယ်တိုင်လည်း ရောင်းချခွင့်ရသလို တခြားသူတွေရဲ့လေလံတွေ၊မိုးကုတ်သဘာဝလေလံတွေ ကြည့်ရှုခွင့်ရပြီး ဝယ်ယူရောင်းချခွင့်ရပါတယ်။ ဝယ်ယူသူတွေအနေနဲ့လည်း ဒီမှာဆိုင်အကုန်လုံးက သဘာဝပစ္စည်းစစ်စစ်တွေရောင်းချတဲ့အတွက် အားလုံးကိုရွေးချယ်ပြီးဝယ်ယူနိုင်ပါတယ်။
ဒေါ်ချိုချိုအေး (လက်ဝတ်ရတနာကျောက်စိမ်းအရောင်းဆိုင်)
အန်တီက အန်တီမြစံလက်ဝတ်ရတနာကျောက်စိမ်း အရောင်းဆိုင်က ဒေါ်ချိုချိုအေးဖြစ်ပါတယ်။ အန်တီကကျောက်မျက်ပြပွဲမှာ လေးကြိမ်မြောက်ရောင်းချခြင်းဖြစ်ပါတယ်။ အန်တီတို့ဆိုင်ကကျောက်စိမ်းအဓိကထား ရောင်းတယ်။ ကျောက်မျက်ဖြစ်တဲ့ မိုးကုတ်ကျောက်၊ပတ္တမြား၊ နီလာတို့ကိုလည်း ရောင်းချပါတယ်။ မြန်မာ့ကျောက်မျက်ရတနာပုလဲပွဲလေးတွေလည်း အခမဲ့ကြည့်ခွင့်ရပြီး အကျိုးအမြတ်ရတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ အပြင်မှာဝယ်ရတာထက်ဒီလိုပွဲမျိုးမှာဝယ်ရတာပိုပြီးဈေးနှုန်းသက်သာပါတယ်။ ဒီလိုပွဲမျိုးကို ရောင်းချခွင့်ပေးတဲ့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဒေါ်နန်းသိင်္ဂီရွှေ (ကျောက်မျက်ရတနာပြပွဲလေ့လာသူ)
ကျွန်မကရန်ကုန်ကနေလာပြီးဒီကျောက်မျက်ပွဲကိုလာရောက်လေ့လာတာဖြစ်ပါတယ်။ ဒီကိုလာရောက်ဖြစ်တာကတော့ ကိုယ့်ရဲ့ပြည်တွင်းလုပ်ငန်းတွေကိုစိတ်ဝင်စားပြီး လာရောက်လေ့လာခြင်းဖြစ်ပါတယ်။ ကျောက်မျက်ရတနာပြပွဲကို အခုလိုမျိုးကျင်းပပေးတဲ့အတွက် အလွန်ကောင်းပါတယ်။ မြန်မာလူမျိုးတွေအတွက် စီးပွားရေး ပိုမိုပွင့်လင်းမြင်သာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကိုယ့်နိုင်ငံအတွက်အခွန်ဘဏ္ဍာလည်း အများကြီးရတာကောင်းပါတယ်။ ဒီထက်လည်းနိုင်ငံတော်အတွက်ရော၊ လုပ်ငန်းရှင်တွေအားလုံးစီးပွားဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။
လဲ့ရည်လှိုင်