​​​​​​​အောင်ပန်းမြို့၌ ငရုတ် ကြက်သွန်နှင့်ချင်းသီးနှံကုန်စည်ပြပွဲ ကျင်းပမည် 

အောင်ပန်းမြို့၌ ငရုတ် ကြက်သွန်နှင့်ချင်းသီးနှံကုန်စည်ပြပွဲ ကျင်းပမည်  

အောင်ပန်း  နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၌  စိုက်ပျိုးထွက်ရှိသည့်  ငရုတ်၊ ကြက်သွန်နှင့် ချင်း သီးနှံကုန်စည်ပြပွဲကို    ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။"ဒီပြပွဲကိုကလော၊အောင်ပန်းနဲ့ ပင်းတယဒေသတွေက တောင်သူတွေအတွက် အဓိကကျင်းပတာပါ။  တောင်သူတွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေဖို့နဲ့ ဈေးကွက်ကောင်းတွေရရှိစေဖို့   ရည်ရွယ်ကျင်းပတာပါ။ တောင်သူတွေက အရင်က စိုက်ပျိုးပြီးရင် အဆင်ပြေတဲ့ပွဲရုံတွေမှာပဲ  ရောင်းကြတယ်။  အခုကပြပွဲကနေတစ်ဆင့်  ရောင်းကြတာပေါ့။ တောင်သူနဲ့ကုန်သည်တွေ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မယ်။  ငရုတ်နဲ့တွဲစိုက်တဲ့ ကြက်သွန်ဖြူ၊ ချင်းတွေပါ  ပါဝင်ပြသမှာဖြစ်ပါတယ်" ဟု တောင်သူဈေးမှ    ဈေးကွက်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးသန်းကျော်ဆင့်ကပြောသည်။

အဆိုပါပြပွဲတွင်ဝယ်ယူသူများအနေဖြင့်တောင်သူများနှင့်တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင်စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို ၁၅  ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊တောင်သူဈေးနှင့်အတူပွဲရုံ၊ ကုန်သည်၊ကုန်စည်ဒိုင်များဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများသတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။ 

ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင်    ဒေသမျိုးသန့်မျိုးစေ့များ၊  ဆိုလာရေသွင်းစက်များ၊  မြေသြဇာများနှင့်  စိုက်ပျိုးစရိတ်ကြိုတင်ထုတ်ပေးသည့်ဝန်ဆောင်မှုများကိုပါ   တစ်နေရာတည်းတွင်ရရှိနိုင်ပြီး ပြည်တွင်း၊ပြည်ပ ဈေးကွက်များနှင့်လည်း   အလွယ်တကူချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။