ဓနုဖြူမြို့နယ်၌ ဒေသထွက်ခရမ်းသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေ
ဓနုဖြူ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသထွက် ခရမ်းသီးများဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ်၌ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းဝင်းဌေး၏ပြောပြချက်အရ သိရသည်။
ဓနုဖြူမြို့နယ် ဒေသထွက်ခရမ်းသီးများ နိုဝင်ဘာလပထမပတ်မှစ၍ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေရာ လက်ရှိတွင် တစ်ရက်လျှင် ခရမ်းသီးအလုံး ၃၀၀၀၀ မှ၃၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
''ဓနုဖြူမြို့နယ်ကနေထွက်ရှိတဲ့ ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းနေပါတယ်။ တခြားဒေသကုန်စိမ်းဈေးကွက်ကဝယ်လက်တွေ အဝယ်များနေတယ်။တခြားဒေသတွေဆီ တစ်ရက်ကို အလုံးရေ၃၅၀၀၀ အထိတင်ပို့ရောင်းချနေရပါတယ်။ဒေသထွက် ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာတွေ့ရပါတယ်။ ဒီနှစ် ခရမ်းသီးတွေက အရည်အသွေးကောင်းသလို အထွက်နှုန်းလည်း ကောင်းတယ်လို့သိရပါတယ်။ ဒီနှစ်ခရမ်းအဝိုင်းသီးရော အရှည်သီးပါဈေးကလည်းတောင်သူတွေရသင့်ရထိုက်တဲ့ဈေးရရှိနေပါတယ်''ဟု ဒေါ်ဝင်းဝင်းဌေးကပြောသည်။
လက်ရှိတွင် ဓနုဖြူမြို့နယ်အတွင်း စိုက်ပျိုးထားသည့်ကုန်စိမ်းများ စတင်ထွက်ရှိ၍ အရောင်းအဝယ်ပြုလုပ်နေသည့်ကာလဖြစ်ပြီး အဆိုပါဒေသထွက် ခရမ်းသီးအပါအဝင် တခြားကုန်စိမ်းများကို ကျိုက်လတ်၊ ဘိုကလေး၊ မအူပင် စသည့်ဒေသတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။