၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ  ယနေ့တွင် ပုလဲ အတွဲပေါင်း ၁၀၀ တွဲရောင်းချရ

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ  ယနေ့တွင် ပုလဲ အတွဲပေါင်း ၁၀၀ တွဲရောင်းချရ

 

နေပြည်တော်  နိုဝင်ဘာ  ၂၀

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့ကို ယနေ့ နံနက် ပိုင်းတွင်   နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသ ထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊  ကျောက်မျက်အတွဲများ နှင့်ခန်းမအပြင်ဘက်  သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ်(၁၄၁)မှ အတွဲအမှတ် (၂၈၀)အထိ ပုလဲအတွဲ များကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို  သက်ဆိုင်ရာ တင်ဒါပုံး များအတွင်းသို့ ထည့်သွင်းကြသည်။

ယင်းနောက် ပုလဲအတွဲအမှတ်(၁၄၁)မှ အတွဲအမှတ်(၂၈၀)အထိ  တင်သွင်းထား သော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများကဖွင့်ဖောက်စစ်ဆေးကာ ပုလဲ အတွဲပေါင်း ၁၀၀ တွဲ ရောင်းချရ ကြောင်း ကြေညာသည်။

ယနေ့ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးမှုနှင့် တင်ဒါအောင်သည့် ပုလဲအရောင်းစာရင်းများထုတ်ပြန်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲ စတုတ္ထနေ့တွင်   ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို    အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်    ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ပြီး  အဆိုပါကျောက်မျက်အတွဲများအတွက်  အခြေခံဈေးကို အမေရိကန် ဒေါ်လာဖြင့်သတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့်    ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလက်ခံသည့်    နိုင်ငံခြားငွေ အမျိုးအစားဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

အလားတူ အုပ်စု(အေ၊ ဘီ၊ စီ)အဖြစ် သုံးအုပ်စုခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း ၄၈၀၀ တွဲအနက် အုပ်စု(အေ)နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာလ ၂၂ ရက်မှ  ၂၄ ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ များကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း   အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။