နေပြည်တော် ၊ ဒီဇင်ဘာ - ၂၃
“ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော် အတွက် လက်ရုံးရည်၊နှလုံးရည် ပြည့်၀သည့် တပ်မတော်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များကို လေ့ကျင့်မွေးထုတ်ပေးရန်”ဆိုသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ ကိုယ်ရည်ကိုယ်သွေးနှင့် ကျင့်ဝတ်သိက္ခာ ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်ဆေးစစ်သည်များကို ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၈)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ တက် ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းသင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။ ထို့နောက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၈)မှ အကောင်းဆုံးသင်တန်းသားဆုရရှိသူ သင်တန်းသားအမှတ် ၃၉၃၇၊ သင်တန်းသား အောင်မိုးနိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၉၂၅၊ သင်တန်းသား လှကိုဦး၊ စာပေထူးချွန်ဆုရရှိသူ သင်တန်း သားအမှတ် ၃၉၃၃၊ သင်တန်းသား အောင်ကျော်သန်း တို့အား ဆုများပေးအပ်ချီးမြှင့် သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၅)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူအမှတ် ၃၀၆၊ သင်တန်းသူ ရွှေဇင်ဦး၊ လေ့ကျင့် ရေးထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၃၂၄၊ သင်တန်းသူ ဧကရီကျော်၊ စာပေထူးချွန် ဆုရရှိသူ သင်တန်းသူအမှတ် ၃၂၂၊ သင်တန်းသူ အိန္ဒြာမေသူ တို့အား ဆုများပေးအပ်ချီးမြှင့်သည်။‘
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းသား၊ သင်တန်းသူများအား မိန့်ခွန်းပြောကြားရာ၌ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ကြီး ၃ ရပ်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြရသည့် တပ်မတော်သားတိုင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေရန် အင်မတန်အရေးကြီး ကြောင်း၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသည့် စကားနှင့်အညီ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကောင်းမွန်စေရန် တစ်ဖက်တစ်လမ်းက တာဝန်ယူနေကြရသူများ သည် သူနာပြုကောင်းများ၏ အခြေခံအရည်အချင်းများဖြစ်သော “ ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုသည့် နာငါးနာနှင့်အညီ ပြုစုကုသမှု ပေးကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင် တွင် သူနာပြုလုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာအကာအကွယ်ပေးရေးလုပ်ငန်းများသည် အဓိကကျ သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို အကောင်း မွန်ဆုံး ဆေးဝါးကုသမှုပေးနိုင်ခြင်းသည် တိုက်ပွဲဝင်စစ်သည်များအတွက် စိတ်ဓာတ်ရေးရာကို များစွာ အထောက်အကူပြုစေပြီး ကျွမ်းကျင်ထိရောက်စွာ ပြုစုကုသပေးနိုင်မှုသည် စစ်ပွဲအောင်နိုင်ရေးကို များစွာအထောက်အကူပြုစေနိုင်သောကြောင့် အရည်အချင်းပြည့်၀ပြီး တတ်ကျွမ်းထားသည့် ဆေးပညာရပ်များကို ထိရောက်စွာ အသုံးချနိုင်သူများဖြစ်အောင် ကြိုးစားသွားရန် မှာကြားလို ကြောင်း။
ယနေ့ခေတ် သူနာပြုစုမှုများသည် ပြုစုစောင့်ရှောက်မှုအပြင် စီမံအုပ်ချုပ်မှု၊ စိစစ်စောင့် ကြည့်မှု၊ လူနာနှင့်ဆိုင်သည့် အဓိကအချက်အလက်များကို စနစ်တကျ မှတ်တမ်းပြုစုထားရှိမှုနှင့် အာဟာရဖြည့်တင်းမှုကို စောင့်ကြည့်စီမံမှုများကိုပါ အသေးစိတ် ဆောင်ရွက်လာသည်ကို တွေ့ရှိရ ကြောင်း၊ သူနာပြုကောင်းတစ်ဦး၏ ပြုမူပြောဆို ဆက်ဆံပုံများသည် လူနာများအတွက် ဝေဒနာ တစ်ဝက် သက်သာစေသောကြောင့် မိတ်ဆွေကဲ့သို့ ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်း စသည့် သူနာပြု တစ်ဦး၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်လည်း တိုက်တွန်း မှာကြား လိုကြောင်း။
လက်ရှိဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စတင်ဖြစ်ပွားချိန်မှစ၍ ရောဂါရှိသူများအား ဆောလျင်စွာ ရှာဖွေဖော်ထုတ်ပြီး သီးခြားခွဲထားခြင်း၊ ပြည်သူ များအား စနစ်တကျ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ မျက်နှာ အကာတပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းတို့ အတွက် အသိပညာပေးဝေခြင်း၊ ဈေး၊ ကျောင်း၊ ဆေးရုံများတွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ဆေးရည်များဖျန်းပေးခြင်း၊ ကူးစက် မှုမြင့်မားလာချိန်များတွင် အရပ်ဘက်ကျန်းမာရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ဖောင်ကြီးကုသရေးစင်တာ၊ ဆရာတော်၊ သံဃာတော်များအတွက် ကုသရေးစင်တာနှင့် တပ်မတော်ကုသရေးစင်တာများတွင် သူနာပြုနှင့်ကျွမ်းကျင်သူများသည် တက်ကြွစွာ ပါဝင်ဆောင်ပေးလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် သဘာ၀ဘေး အန္တရာယ် ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် မေတ္တာ၊ စေတနာအရင်းခံ၍ မိသားစု စိတ်ဓာတ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ပြောကြားရာ တွင် “ဒို့နိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာ၀ ဘေးအန္တရာယ်များဖြစ်တဲ့ ရေကြီးတာ၊ လေပြင်း မုန်တိုင်း တိုက်ခတ်တာ၊ ငလျင်လှုပ်တာ၊ မြေပြိုတာ၊ မီးလောင်ခြင်း စတာတွေအပြင် အခြား မမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာလို့ရှိရင် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် စီမံချက်များ ကြိုတင်မျှော်တွေးရေးဆွဲထားပြီး ဖြစ်တဲ့အတွက် ဒို့တပ်မတော်သားတွေအနေနဲ့ မည်သည့်အမိန့်ကိုမျှ စောင့်ဆိုင်း စရာမလိုဘဲ အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ လူမျိုးဘာသာ မရွေး သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မဆိုင်းဘဲ ဆောင်ရွက်ပေးသွားကြ ရမှာဖြစ်တယ်။ သဘာ၀ဘေးအန္တရာယ်တစ်ခု ကျရောက်လာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ် တကျနဲ့ လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်တဲ့ အဖွဲ့အစည်းဟာ ဒို့တပ်မတော် ဖြစ် တာနဲ့အညီ သဘာ၀ဘေးအန္တရာယ်ကြောင့် ဆင်းရဲဒုက္ခခံစားနေရတဲ့ ပြည်သူများရဲ့ လိုအပ်ချက် များကို မေတ္တာ၊ စေတနာ အရင်းခံပြီး မိသားစုစိတ်ဓာတ်နဲ့ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်ပေးရာမှာ တတ်ကျွမ်း ထားသည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာအတတ်ပညာတွေကို ထိရောက်စွာအသုံးချပြီး သဘာ၀ဘေးအန္တရာယ်ကြောင့် ဆင်းရဲဒုက္ခခံစားနေရသူများရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကို သိရှိအောင် ပြုလုပ်ပြီး အကောင်းဆုံးသော ပြုစုစောင့်ရှောက်မှု များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့ တပ်မတော် သည် ပြည်ထောင်စုတိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသည့် သားသမီးများနှင့် ဖွဲ့စည်းထားရှိ သည့် တပ်မတော်ဖြစ်သည်နှင့်အညီ တာဝန်ကျရာ နယ်မြေဒေသအသီးသီးကို ရောက်ရှိချိန်တွင် သဘာ၀ဘေးအန္တရာယ် (Natural Disaster) အပြင် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ် (Man made Disaster ) များ တိုင်းရင်းသားပြည်သူများအပေါ် ကျရောက်လာချိန် တွင် ပြည်ထောင်စု စိတ်ဓာတ်အရင်းတည်ပြီး ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ မိမိ တို့ တပ်မတော်သည် စတင်တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက ဆုံးရှုံးသွားသည့်လွတ်လပ်ရေး ကို တိုင်းရင်းသားပြည်သူများနှင့်လက်တွဲပြီး ရယူပေးလိုသည့် နိုင်ငံချစ်စိတ် မျိုးချစ် စိတ်များနှင့် သန္ဓေတည်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏ သမိုင်းပေးတာဝန်အရပ်ရပ်ကို အောင်မြင်ကျေပွန်သည် အထိ ကိုယ်ကျိုးစွန့်ပြီး အသက်နှင့်ခန္ဓာ စွန့်လွှတ်စွန့်စားစွာဖြင့် ထမ်းဆောင်လာခဲ့သည့် အခိုင်မာ ဆုံးသောအဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ထို့ပြင် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သကဲ့သို့ တပ်မတော်သားများသည် လည်း ပြည်သူများ၏ အစိတ်အပိုင်းလည်းဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည့်အတွက် မိမိတို့တပ်မတော်အနေဖြင့် ပြည်သူလူထု ၏အားကို အရင်းတည်ပြီး စုစည်းညီညွတ်သည့်အားဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့် ရှောက်သွားရမည် ဖြစ်ကြောင်း၊ ယင်းပြည်ထောင်စုကြီးသည် မိမိတို့မိဘဘိုးဘွားများက အသက် သွေးချွေးများစွာ ပေးဆပ်စွန့်လွှတ်ပြီး တည်ဆောက်ပေးခဲ့သည့်အတွက် ယနေ့အချိန်အခါတွင် ဘိုးဘွားအမွေအနှစ်အဖြစ် ပိုင်ဆိုင်ခွင့်ရရှိနေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ အင်အားသည် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်တွင် မူတည်နေသည့် အတွက် ညီညွတ်မှုအားကောင်း နေလျှင် နိုင်ငံတော်၏ အင်အားတောင့်တင်းခိုင်မာနေ မည်ပင် ဖြစ်ကြောင်း။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ပြည် ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲမဖြုတ်စတမ်း စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီး အဓွန့် ရှည်တည်တံ့နိုင်ရေးဟာ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ် လည်းဖြစ်တယ်။ ဒို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးများစွာရှိတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေးဟာ အလွန်အရေးကြီးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားကောင်းမှသာ ပြည်ထောင်စု ပြိုကွဲမယ့် ဘေးအန္တရာယ်ကို ကာကွယ်နိုင်မှာပဲဖြစ်တယ်။ ပြည်ထောင်စုမပြိုကွဲ ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် We are Myanmar ဆိုတဲ့ စည်းလုံး ညီညွတ်တဲ့စိတ်ဓာတ်တွေ တိုင်းရင်းသားပြည်သူများအကြား ရှင်သန်ပေါက်ဖွားလာအောင် လုပ်ဆောင်သွားကြရမှာဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုများအကြား မတူကွဲပြားမှုများရှိနေ သော်လည်းပဲ စည်းလုံးညီညွတ်ရေးကို အဓိကထိခိုက်စေတဲ့ စိုးရိမ်မှုနဲ့ သံသယစိတ်တွေ၊ အားငယ်မှုနှင့် သိမ်ငယ်စိတ်တွေကို ဖယ်ရှားပြီး နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု များနဲ့ မတူကွဲပြားမှုတွေကို တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်မှုရရှိအောင် လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုစိတ်ဓာတ်ဟာ မရှိမဖြစ်လိုအပ်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် လာအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို အောင်မြင်အောင် လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်။ ဒါကြောင့် တာဝန်ကျရာ ဒေသအသီး သီးမှာ တိုင်းရင်းသားပြည်သူများနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးလုပ်ဆောင်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာ၌ လက်တွေ့ နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ လက်ရုံးရည်နှင့်ပြည့်စုံရန်လိုအပ်သကဲ့သို့ နှလုံးရည်နှင့်လည်း ပြည့်၀နေကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်ဘ၀ကိုခံယူပြီးဖြစ်၍ နယ်ဘက်ဥပဒေကိုသာမက စစ်ဘက်ဥပဒေနှင့် စစ်စည်းကမ်းများကိုလည်း လိုက်နာ ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည် မိမိတို့တပ်မတော်အတွက် အဓိကကျသောကြောင့် စည်းစနစ်ရှိသည့် တပ်မတော်သားကောင်း များအဖြစ်သာမက သူနာပြုနှင့်ဆေးဘက် ပညာသည်များဖြစ်သည့်အတွက် ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်လာလျင်လည်း သာမန် ထက်ပိုပြီး စောင့်ထိန်းကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆေးရုံ၊ ဆေးတပ်များအပြင် စစ်မြေပြင်၌ ခြေလျင်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားရမည် ဖြစ်သော ကြောင့် ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ် တရားနှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာထားရှိမွေးမြူသွားကြရန် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် ရဲဘော်စိတ် ကြောင့်ပင် တစ်ဦးအပေါ်တစ်ဦး အသက်ပေးပြီး တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့ကြသဖြင့် အောင်ပွဲအလီလီခံခဲ့ကြရကြောင်း၊ ရဲဘော်စိတ်သည် နှလုံးရည်၏ အခြေခံ အချက်တစ်ရပ်လည်း ဖြစ်ကြောင်း၊ နှလုံးရည် မြင့်မားသူများသည် စည်းရုံးရေးစွမ်းရည်နှင့်လည်း ပြည့်စုံတတ်ကြ ကြောင်း၊ အတွေ့အကြုံ ရလာသည်နှင့်အမျှ အုပ်ချုပ်ရေးစွမ်းရည်ပါ မြင့်မားလာလျင် စွမ်းရည် သုံးရပ်နှင့်ပြည့်စုံပြီး လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်၀သည့် တပ်မတော်သူနာပြုများ၊ ဆေးဘက် ပညာသည်များနှင့် ဆေးဝါးကျွမ်းကျင်သူ စစ်သည်တော်ကောင်းများ ဖြစ်လာမည်ပင်ဖြစ်ကြောင်း။
ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သူနာပြုနှင့်ဆေးဘက်ပညာရပ်များကို မျက်ခြည်မပြတ်လေ့လာပြီး သင်ကြားတတ်မြောက်ထားသည့် ဆေးပညာရပ် များကို လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချသွားရမည်ဖြစ်ကြောင်း၊ သူနာပြုအခြေခံအရည် အချင်းကောင်းများဖြစ်သည့် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာဆိုသည့် နာငါးနာနှင့် အညီ လူနာများကို ကျောသားရင်သားမခွဲခြားဘဲ ပြုစုကုသစောင့်ရှောက်သွားကြရန်နှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အရေးကြုံလာတိုင်း စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ အနစ်နာခံ လိုသည့် စိတ်ဓာတ်များနှင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် အလေးအနက်ထား မှာကြားလို ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဧည့်ခန်းမဆောင်၌ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၈)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်း သားများနှင့် အမျိုးသမီးသူနာပြု နှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၅)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြား သည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် ဘ၀တစ်လျှောက်လုံး ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း၊ ထူးချွန်ဆုများရရှိခဲ့ကြသည့်အတွက် မိဘများအနေဖြင့်လည်း ဝမ်းသာဂုဏ်ယူနေကြမည်ဖြစ်ပြီး ဘ၀တွင် ကောင်းမွန်သည့်မှတ်တမ်းတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းကာလ ၄ နှစ်တာကာလပတ်လုံး ခိုင်မာသည့်စိတ်ဓာတ်၊ ကြိုးစား ပမ်းစား လုပ်ဆောင်လိုသည့်စိတ်ဓာတ်များဖြင့် စစ်ပညာ၊ စာပေပညာတို့ကို စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာ စဉ်ဆက်မပြတ်ကြိုးစားခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်မှုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်စနစ်များ အပြောင်းအလဲရှိသကဲ့သို့ လူတို့၏ဘ၀တွင်လည်း အပြောင်းအလဲများစွာကို ကြုံတွေ့နေကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ငယ်စဉ် ကျောင်းသူ၊ ကျောင်းသားဘ၀မှ စစ်မှုထမ်းသူနာပြုသင်တန်းသားဘ၀၊ ထိုမှတစ်ဆင့် ယခု သင်တန်း ဆင်းပြီးပါက စစ်မှုထမ်းသူနာပြုများအဖြစ် တာဝန်ကျရာနေရာအသီးသီးတွင် တာဝန်ထမ်းဆောင်ပြီး အဆင့်ဆင့်သောရာထူးများတိုးတက်ပြောင်းလဲကြမည်ဖြစ်ကြောင်း၊ ထိုသို့ ဘ၀ကို ဖြတ်သန်းရာ၌ မိမိကိုယ်ကိုမိမိ အကဲခတ်နိုင်ရမည်ဖြစ်ပြီး မကောင်းသည့်အလေ့ အကျင့်များကိုပယ်ရှားကာ ကောင်းမွန်သည့်အလေ့အထ၊ ဗီဇများကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားခြင်းဖြင့် ဘ၀တိုးတက်မှုကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိလုပ်ငန်းခွင် နှင့် သက်ဆိုင်သည့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရေးနှင့် မိမိ၏ ရည်မှန်းချက်များအောင်မြင်စေရေး အမြဲမပြတ် ကြိုးစားအားထုတ် အကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း၊ ဘ၀တွင်အောင်မြင်မှုများရရှိရန်အတွက် မည်သည့် ပညာရပ်၊ လုပ်ငန်းကိုမဆို အမြဲမပြတ် လေ့လာရမည်၊ လေ့လာထားသည့် အရာများကို ကျွမ်းကျင်ရန်နှင့် အသားတကျ ဖြစ် ရန် လေ့ကျင့်ရမည်ဖြစ်ပြီး မိမိသင်ကြား လေ့လာခဲ့ရသည်များကိုလည်း လက်တွေ့လုပ်ငန်းခွင်နှင့် ဘ၀တစ်လျှောက်ဖြတ်သန်းရာတွင် လိုက်နာကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း၊ ထူးချွန်ဆုရရှိ ကြသူများအနေဖြင့် သာမာန်မိသားစုများမှ ပေါက်ဖွားလာကြသူများဖြစ်သည်ကိုတွေ့ရှိရပြီး ငယ်စဉ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ကျွေးမွေးပြုစုပျိုးထောင်ခဲ့သည့် မိဘကျေးဇူး ကို ဆပ်ရန်လိုအပ်မည်ဖြစ်သကဲ့သို့ ၄ နှစ်တာကာလ စာပေပညာ၊ စစ်ပညာ သင်ကြားပေးခဲ့သည့် နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးကိုလည်း မိမိကိုယ်ကိုကောင်းမွန် အောင်နေထိုင်ခြင်းဖြင့် သိတတ်နားလည်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိဘနှင့် တပ်မတော် က သင်ကြားပေးခဲ့သည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ ဘ၀တစ်လျှောက်လုံး အောင်မြင်အောင် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ဘ၀ တိုးတက်မှုကို အထောက်အကူဖြစ်စေသည့် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းကို မွေးမြူကျင့်သုံးကြစေလိုကြောင်းဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။