ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံး အချုပ်ခန်းများနှင့် ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာ(မှော်ဘီ)တို့ကို  ကြည့်ရှုစစ်ဆေး

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံး အချုပ်ခန်းများနှင့် ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာ(မှော်ဘီ)တို့ကို  ကြည့်ရှုစစ်ဆေး

နေပြည်တော်   မတ်  ၁၅

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ကော်မရှင်ဥပဒေပုဒ်မ  ၄၃၊  ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ  ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့ပေါ်ရှိ မှော်ဘီမြို့မရဲစခန်းအချုပ်ခန်း၊ မှော်ဘီခရိုင်တရားရုံးအချုပ်ခန်း၊ မှော်ဘီမြို့နယ်တရားရုံးအချုပ်ခန်းနှင့် ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာ(မှော်ဘီ)သို့  သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မှော်ဘီမြို့ရှိ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း  ညှဉ်းပန်းနှိပ်စက်ခံရမှုရှိ၊ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင်အမှုရင်ဆိုင်ရန် ရုံးထုတ်အချိန်အတွင်း စားသောက်ရမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိ၊ အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မှော်ဘီမြို့ရှိ ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာ၌ လက်ခံစောင့်ရှောက် ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေ၊  အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့်   သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင် ခန်း၊  စားဖိုဆောင်များ၊  ကျန်းမာရေးနှင့် ညီညွတ်အောင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများအနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက် ပေးထားမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်သည်။