၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  မတ် ၁၅

 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း  (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်  အောင်မြင်မှုဆုတံဆိပ်များဆွတ်ခူးနိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက်  ဂုဏ်သိက္ခာအဆင့်အတန်းကို    မြှင့်တင်ပေးခြင်း ဖြစ်ပြီး နိုင်ငံတော်၏  အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင် နိုင်ခြင်းလည်းဖြစ်သည့်အတွက် ယခုလိုဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ကြောင်း၊ အကောင်းဆုံး အားကစားသမားဆုများကို ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ    မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှစပြီး ယခုကျင်းပသည့် ၂၀၂၃  ခုနှစ်အတွက်  တစ်နှစ်တာ အကောင်းဆုံး အားကစားဆုများကို မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကောင်းဆုံး အားကစားသမားဆု၊   အားကစားနည်းပြဆု၊  အားကစားအုပ်ချုပ်သူဆုနှင့် အားကစားအသင်းလိုက်ဆုများကို  မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့်  မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့က နှစ်စဉ်တစိုက် မတ်မတ်စနစ်တကျ ရွေးချယ်ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်   အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေးခြင်းများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည့်အတွက်  မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများအားလုံး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားကြရန်လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တစ်နှစ်ထက်တစ်နှစ်တိုးတက်လာစေရမည်ဆိုသည့် ခိုင်မာသည့် ရည်မှန်းချက်များဖြင့်  ကြိုးစားသွားမည်ဆိုပါက  မလွဲမသွေအောင်မြင်မှုများ ရရှိလာနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်  အောင်မြင်မှုရရှိစေရေးအတွက် လက်တွေ့ကျပြီး  ထိရောက်သည့် စီမံချက်များရေးဆွဲ၍ ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန်နှင့် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကလည်း ခိုင်မြဲသည့်ယုံကြည်ချက်၊   မြင့်မားသည့်စိတ်ဓာတ်၊  ဇွဲ၊ လုံ့လ၊  ဝီရိယများဖြင့် အမိနိုင်ငံတော်အတွက်   အောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးရယူပေးနိုင်ရေး အစွမ်းကုန်ကြိုးစားသွားရန်  တိုက်တွန်းကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက၂၀၂၃ ခုနှစ်အတွက်  အကောင်းဆုံး အားကစားသမားဆုများ ရွေးချယ်ခဲ့မှု၊   မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို   ရှင်းလင်းတင်ပြပြီး အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သူများ၏    ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု Video Clip ကို ပြသသည်။

ယင်းနောက်  ၂၀၂၃  ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီးအားကစားသမားဆုများကိုပေးအပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင်  ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊  ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ မောင်ဇင်ကိုကိုနှင့်  အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း၂၀ စီပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Cluster (9) ရှိ စားရိပ်သာတွင် စားသောက်သည့် နေရာပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ပြင်ဆင်ချက်ပြုတ်နေမှုနှင့် အသီးအရွက်ထားရှိသည့်နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။