လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်းအမှတ်စဉ်(၅၀) ဆွေးနွေးပွဲကျင်းပ
နေပြည်တော် မတ် ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေး တင်ပြသည့်ခေါင်းစဉ်သည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးနှင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဆက်သွယ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခု အနေဖြင့် ပါဝင်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုသာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၁၉၉၀ ပြည့်နှစ်ကတည်းက ဥပဒေများပြဋ္ဌာန်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အာဆီယံရင်းနှီးမြှုပ်နှံမှုနယ်ပယ် (ASEAN Investment Area- AIA) ကို တည်ထောင်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ ငွေအရင်းအနှီးများ မြှုပ်နှံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံး ပြုလုပ်သောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ရေနံတူးဖော်ရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတို့ဖြစ်ကြကြောင်း၊ လုပ်သားအင်အား များပြားသော CMP လုပ်ငန်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၌ MSME လုပ်ငန်းများသည် ၉၅ ရာခိုင်နှုန်း ရှိကြောင်း၊ ယခုဆွေးနွေးသည့် ခေါင်းစဉ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဆွေးနွေးချက်များဖြစ်သဖြင့် တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုး ချဲ့ရေးနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ MSME လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းရေးအတွက် ပြဋ္ဌာန်းချက်များ၊ နည်းပညာလက်ခံရရှိနိုင်မည့် MSME များ၏ စွမ်းရည်လိုအပ်ချက် ကဏ္ဍများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့် တက်ရောက်သည့် အရာထမ်း/အမှုထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။