ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆိုနေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှုအားပေး
နေပြည်တော် မတ် ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်လူဝင်မှုကြီး ကြပ်ရေးမှူးရာထူးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို အင်္ဂလိပ်စာရေးဖြေစာမေးပွဲများအား ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နေရာအသီးသီး၌ တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် ဇမ္ဗူသီရိမြို့နယ်အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ အဆိုပါစာမေးပွဲကျင်းပရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်၍ စာမေးပွဲခန်းများအတွင်း လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဝန်ကြီးဌာန၏ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် အမျိုးသား ၁၂၀၊ အမျိုးသမီး ၃၀၊ စုစုပေါင်း ၁၅၀ ခန့်ထားနိုင်ရေးဆောင်ရွက် လျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှောက်ထားသူများအနက် သတ်မှတ်ချက်နှင့်ကိုက်ညီစွာ လျှောက်ထားသူ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၃၉၂ ဦး စုစုပေါင်း ၆၅၆ ဦးတို့သည် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ယနေ့ဖြေဆိုကြပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅၀ စုစုပေါင်း ၇၉ ဦး
ဖြေဆိုကြကြောင်းနှင့် အဆိုပါ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ အောင်မြင်သူများအား ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းများကို မကြာမီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှု အောင်မြင်သူများကို ဝန်ထမ်းခန့်ထားရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။